www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 3, 2014

မမွှေးနိုင်သော ဘ၀လေးများ


မမွှေးနိုင်သော ဘ၀လေးများ

ကြယ်စင်စိုး (မန္တလေး)

ခန္ဓာကိုယ် တစ်ခုလုံး မလှုပ်မယှက် ချင်တော့ လောက်အောင်ကို အတော်လေး ပင်ပန်းနွမ်းနယ် နေပါပြီ။ ဒီနေ့ဒီချိန် အဖို့တော့ သူ့အနေနဲ့ ဘာမှလဲ စားချင် သောက်ချင်စိတ် မရှိလှ တော့ပါဘူး။ သူ့နေရာလေး ဆီကို မြန်မြန်ပြန် ရောက်တာနဲ့ သောက်ရေ အေးအေးလေး တစ်ခွက် နှစ်ခွက်သောက်၊ ခဏတစ်ဖြုတ် နားကာ ရေမိုးချိုးပြီး အိပ်ရာဝင် ပစ်လိုက်ဖို့ပဲ စိတ်စော နေမိ ပါတော့တယ်။

ကားရှေ့ခန်းထဲ ကားမောင်း သူရဲ့ဘေး ဝင်ထိုင်လိုက်ပြီး ကတည်းက ကားနောက်မြီး ခုံလေးပေါ်ကို ကျောပေး မှီလိုက်ရင်း သူ့မျက်လုံး တွေက လဲ တစ်ချက် တစ်ချက် ငိုက်မျဉ်း သွားတယ် ဆိုတာကို သတိထား မိတယ်။ ကားစတီရာရင် ဒိုင်ခွက်ဘေးက အချိန်ပြ နာရီလေးကို ကြည့်မိ လိုက်တော့ ညရှစ်နာရီ ဆိုတဲ့ အချိန်ဆီကို ညွှန်ပြ နေတယ်။ ကားလမ်းဘေး ဝဲ၊ ယာ တစ်လျှောက် ထွန်းညှိ ထားကြတဲ့ ခေတ်ပေါ် မီးသီးလုံးကြီး တွေရဲ့ မီး ရောင်အောက်မှာ တရိပ်ရိပ်နဲ့ ပြေးလွှားကာ နေကြတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ ကလဲ လမ်းမကြီး တစ်ခုလုံးကို ပြည့်လုမတတ် နီးပါးရှိ နေတယ်။ တစ်ချိန်တစ်ခါ ဆီတုန်းက မန္တလေး မြို့သူ၊မြို့သား တွေနဲ့ ခွဲမရ အောင် တစ်သားတည်း ကျလှတဲ့ စက်ဘီးလေးတွေ တစ်စီးစ နှစ်စီးစ ကိုလဲ မြင်တွေ့ နေရသေးတယ်။

ကား ပြတင်းပေါက် ကနေ သူတို့ကားလေး ပြေးသွားနေတဲ့ လမ်းရဲ့ တစ်ဖက်တစ်ချက် ကို ကြည့်မိ ပြန်တော့လဲ မီးရောင်ဖျဖျ လေးအောက်မှာ လက်မြှောက်၊ ခြေခါ၊ ခေါင်းရမ်းပြီး ခန္ဓာကိုယ် အတွက် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်နေကျတဲ့ လူအချို့ရယ်၊ ဘောင်းဘီတို၊ စကတ်တိုလေး တွေကို ဝတ်ဆင် ထားကြကာ လမ်းလျှောက် နေကြတဲ့ အရွယ်ပေါင်းစုံ၊ အမျိုးသား၊ အမျိုးသမီး တွေကိုလဲ မြင်တွေ့ နေရပါတယ်။

ညဥ့်နက် လာတာနဲ့အမျှ ကားဟွန်းသံကို အဆက်မပြတ် တီးရင်း တရိပ်ရိပ်နဲ့ ပြေးသွားနေတဲ့ သူတို့ကားလေး ဘေးကနေ ကပ်ရှောင်သွား ကြတဲ့ အချို့ဆိုင်ကယ်၊ စက်ဘီးလေး တွေကို အနီးကပ် ကြည့်မိ လိုက်တော့ အလုပ်သမားတွေ အလုပ်ပြန် လာကြတာ နေမှာ ဆိုတာကို သဘောပေါက်မိတယ်။ ပုံမှန် အရှိန်ထက် ကားမောင်းသူ အမျိုးသားလေး ကားကို အရှိန်မြှင့်တင် မောင်းနေတယ် ဆိုတာကို သတိပြုမိသလို၊ ခဏအကြာမှာ ကားမောင်းသူရဲ့ နှုတ်ကနေ ''နည်းနည်းလေး ကပ်လွတ်သွား တယ်ကွာ'' ဆိုတဲ့ ကျေနပ်ပုံ မပေါ်တဲ့ စကားသံ လေးကိုပါ ထပ်ဆင့် ကြားလိုက် ရတယ်။ စကားသံလေး ကြောင့် မှိန်းနေရာ ကနေ မျက်လုံး လေးကို ဖွင့်ကြည့် လိုက်တော့ သူတို့ ကားလေး မီးပွိုင့် တစ်ခုရှေ့မှာ မီးနီ အချက်ပြ ခံထားရတာကို တွေ့လိုက်ရတယ်။

မီးပွိုင့် မိနေလို့ ကားလေးကို စက်ရှိန် သပ်ကာ ခဏရပ် ထားနေစဉ် ပိတ်ထားတဲ့ မှန်တံခါး ဘေးကနေ အရိပ် တစ်ခုကို ဖြတ်ခနဲ တွေ့လိုက် ရလို့ ငဲ့ကြည့်လိုက်တော့ ကလေးငယ် တစ်ယောက် လာရပ် နေတာကို တွေ့ရတယ်။ ကလေးရဲ့ နှုတ်ကနေ စကားတွေ ပြောနေတယ် ဆိုတာ မြင်နေရ ပေမယ့် ကားမှန်တံခါး ပိတ်ထားတဲ့ အတွက်ကြောင့် ဘာမှ မကြားရတာ မို့ ကားတံခါး လေးကိုဖွင့်ပြီး အသံကို နားထောင် ကြည့်မိ လိုက်တော့ ''စံပယ်ပန်း လေးတွေ ဝယ်သွားပါဦး၊ တစ်တွဲကို ငွေကျပ် ၂ဝဝ ပဲ ကျပါတယ်။ ခြောက်ကုံး ပါပါတယ်။ မွှေးပါတယ်။ လန်းဆန်း ပါတယ်''။ ရွယ်တူလောက် ရှိမယ့် နောက်ထပ် မိန်းကလေး တစ်ဦး အနားကို ထပ်ရောက် လာခဲ့တယ်။ ကလေးနှစ်ဦး လုံးရဲ့ လက်ထဲမှာတော့ လင်ပန်း အသေး တစ်ချပ်စီပေါ်မှာ ရေစို အဝတ်ကလေးနဲ့ အုပ်ထားတဲ့ စံပယ်ပန်းကုံး လေးတွေကို ကိုင်ဆောင် ထားကြသလို ကလေးတွေရဲ့ အသက်အရွယ် ကို ကြည့်လိုက် ပြန်တော့လဲ နှစ်ဦးလုံးဟာ ဆယ်နှစ်သား အရွယ်လေး တွေချည်းပါပဲ။ ရုပ်ချင်းဆင် တာကို ကြည့်ချင်း အားဖြင့် မောင်နှမ ဖြစ်နိုင် တယ်လို့လဲ တွက်ဆ မိပါတယ်။

မိသားစု စားဝတ်နေရေး အတွက် တစ်ဖက်တစ်လမ်း ကနေ တတ်နိုင်တဲ့ အနေအထား မျိုးနဲ့ ညကြီး အချိန်မတော် အန္တရာယ် တစ်စုံတစ်ရာကို ဂရုမစိုက် နိုင်အားဘဲ ကားကြီး ကားငယ် အသွယ်သွယ် ကြားမှာ ပြေးဟယ် လွှားဟယ်နဲ့ ပန်းရောင်း နေကြတဲ့ ဒီကလေးငယ် နှစ်ယောက်ရဲ့ ဖြစ်အင်လေးကို မြင်လိုက်ရတော့ သူ ကရုဏာ သက်မိသလို ခံစားမိလာ ပြန်တယ်။

''မွှေးပါတယ်။ ဝယ်သွားပါဦး၊ ကားမှာလဲ ချိတ်လို့ ရပါတယ်'' ဒီတစ်ခါတော့ မိန်းကလေး ဖြစ်သူရဲ့ စကားသံပဲ ဖြစ်ပါတယ်။ ကားမှာလဲ ချိတ်လို့ ရပါတယ် ဆိုတဲ့ စကားကို ကြားလိုက်ရမှ ကားမှာ ဘယ်အချိန် ကတည်းက ချိတ်ဆွဲ ထားမှန်း မသိရတဲ့ စံပယ်ပန်းကုံး လေးတွေ ညှိုးနွမ်း နေကာ အရောင်အဆင်း မရှိတော့ တာကို တွေ့ရ ပါတယ်။ ချက်ချင်း ဆိုသလို ပိုက်ဆံအိတ် ထဲကနေ နှစ်ရာတန်လေး ထုတ်ကာ စံပယ်ပန်းလေး တွေဝယ်ဖို့ စိတ်ကူး လိုက်ပြီး ''နှစ်ရာဖိုး ပေးကွာ'' လို့လဲ ပြောလိုက်တယ်။ ခပ်သွက်သွက် ရှိလှတဲ့ မိန်းကလေး ဖြစ်သူက ''မီးစိမ်းနေပြီ၊ ကားဆရာ အစ်ကိုကြီး ခဏလေးနော်'' ဆိုကာ စံပယ်ပန်း ကုံးလေး တွေကို စာရေးသူ လက်ထဲ ထိုးပေးရင်း ပါးစပ်ကလဲ '' နောင်လဲကြုံရင် အားပေး ပါဦးနော်၊ ဒီနားမှာ ဒီလိုအချိန် အမြဲေ ရာင်းတယ်'' လို့ ထပ်လောင်း ပြောနေပြန် ပါတယ်။

စံပယ်ပန်း ကုံးလေးတွေ သူ့လက်ထဲ ရောက်ရှိလာ ချိန်မှာတော့ ကားမောင်းသူက ကားလေးကို အဲဒီနေရာ လေးကနေ မောင်းထွက် လာခဲ့ပါပြီ။ ကား နောက်ကြည့်မှန် ကနေ ကလေး နှစ်ယောက်ကို ပြန်ကြည့် လိုက်တော့ နှစ်ဦးသား ပလက်ဖောင်း ပေါ်မှာ ထိုင်နေကြတာ ကိုတွေ့လိုက် ရပါတယ်။ အဲဒီနောက် အချိန်တန်လို့ မီးနီပြ လိုက်တယ် ဆိုရင် အနား ရောက်လာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ ဆီကို အစောက လိုပဲ သူတို့ ပန်းကလေးတွေ အမြန်ကုန် စေဖို့အတွက် လှုပ်ရှား ကြရဦး မှာပါ။

သူ့လက်ထဲမှာ ရှိတဲ့ ပန်းလေးတွေ ထဲက တချို့တစ်ဝက် ကို ကား ခေါင်းခန်းမှာ ချိတ်ဆွဲလိုက်ရင်း ကျန်တဲ့ ပန်းကုံးလေး တွေကို နမ်းရှိုက် မိလိုက်ချိန် မှာတော့ သူ့စိတ်ထဲမှာ ကြည်နူး လန်းဆန်း သွားသလို ခံစား လိုက်ရ ပါတယ်။ အမှန်တကယ် ကလေးတွေ ပြောခဲ့ သလိုပါပဲ။ စံပယ်ပန်း လေးတွေက မွှေးလဲ မွှေးနေကြ သလို လန်းဆန်းလဲ လန်းဆန်း နေကြ ပါတယ်။

ဒါပေမဲ့ စံပယ်ပန်းလေး တွေ မွှေးနေ သလောက်၊ စံပယ်ပန်းလေး တွေ လန်းဆန်း နေသလောက်၊ စံပယ်ပန်းလေး တွေကို ရောင်းနေ ကြတဲ့အဲဒီ ကလေးငယ် နှစ်ဦးရဲ့ ဘဝလေး တွေကတော့...။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger