www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 15, 2014

မိုးဦးလေဦး အထူး သတိပြုရန်


မိုးဦးလေဦး အထူး သတိပြုရန်

မုတ်သုံမိုး ၀င်တော့မည် ဖြစ်သည်။ မိုးဦးနှင့် အတူ လေပြင်းများ ကလည်း တွဲ၍ ပါလာတတ် ကြသည်။ အချို့ဒေသ များတွင် မိုးဦးလေပြင်း ကြောင့် အိမ်အချို့ ပြိုပျက် ၊ ဓာတ်တိုင် နှင့် သစ်ပင်များ လဲပြိုသည် အထိ ဖြစ်ရသည်။ မိုးနှင့်အတူ ပါလာသော လေပြင်းကို မိုးသက် လေပြင်း ဟု ခေါ်ကြသည်။

မိုးသက်လေပြင်း ကို ကုန်းပေါ်နေ သူတို့ သာမက ရေကြောင်းဖြင့် ခရီးသွားလာ သူများကလည်း ဂရုပြု ကြရသည်။ မိုးသက်လေပြင်း ကျလျှင် လှေသမ္ဗန် ၊ သင်္ဘောများ နစ်မြှုပ် တတ်သည်။ ရေကြောင်း သွားသူတို့ အနေဖြင့် သွားနေကျ ၊ လာနေကျ ဟူသော အတွေးဖြင့် မိုးလေ၀သ အခြေအနေ ကို သတိမမူဘဲ သွားလာလျှင် အန္တရာယ် ကြုံတွေ့ နိုင်သည်။

မြစ် ၊ ချောင်း တို့သည် လေပြင်း ကျရောက်သည့် အခါ ရေစီးသန် တတ်သည်။ ထိုအခါမျိုး၌ လှေ ၊ သမ္ဗန် ၊ သင်္ဘော တို့ အထူး သတိပြု မောင်းနှင် ကြရသည်။ လေပြင်းနှင့် အတူ ပါလာသော မိုးကြောင့် ခရီးသည်များ ထီးဖွင့်ဆောင်း တတ်ကြရာ လှေပေါ် ၊ သမ္ဗန်ပေါ်တွင် ရွက်တတ်သလို ဖြစ်၍ ထိန်းကျောင်းရ ခက်ပြီး မှောက်တတ်သည်။

ထို့ပြင် မြစ်ချောင်းသွား သင်္ဘောများ ၊ အထူးသဖြင့် နှစ်ထပ် သင်္ဘောများ စီးနင်းကြသည့် ခရီးသည် များသည် လေပြင်းနှင့် အတူ ပါလာသည့် မိုးရေများ စိုမည်စိုး၍ မိုးပက်သည့် တစ်ဖက်ခြမ်းမှ အခြား တစ်ဖက်ခြမ်း သို့ စုပြုံ ပြေးကပ်တတ်ရာ သင်္ဘောစောင်းပြီး တိမ်းမှောက် တတ်သည်။ ထိုနည်းတူ မိုးရွာ၍ သင်္ဘော၏ ဘေးကာများကို ချတတ်ကြသည်။ လေပြင်းက သင်္ဘောသို့ တိုက်ခတ်ရာ လေပိတ်နေပြီး သင်္ဘောကို တွန်းလှဲ သကဲ့သို့ ဖြစ်ကာ တိမ်းမှောက် တတ်သည်။

မိုးဦးလေဦး ကာလ ရေကြောင်း သွားသူတို့ အနေဖြင့် ထပ်မံ သတိပြုသင့် သည်မှာ လှေသမ္ဗန် ၊ သင်္ဘောများတွင် သတ်မှတ် ခရီးသည် ၊ ကုန်ချိန်ထက် ပို၍ မတင်မိစေရန် တင်ထားသည့် ခရီးသည် တိုင်းကို အသက်ကယ် အင်္ကျီ ၀တ်ဆင်ပေးရန် တို့ဖြစ်သည်။ ရေကြောင်း ခရီးသွားလာ ခြင်းသည် အသက် အန္တရာယ် အလွန်များ၍ သတိပြု ဆင်ခြင် လိုက်နာရမည့် အချက်များကို လိုက်နာ ဆောင်ရွက် သွားကြရန် အထူး လိုအပ်သည်။

ပို၍ အရေးကြီးသည့် အချက်မှာ မြစ်ကြောင်း များတွင် သွားလာနေသည့် ခရီးသွား ပြည်သူများ အတွက် တာဝန်ရှိ သူများက ဆိပ်ကမ်းတွင် လည်းကောင်း ၊ လှေသမ္ဗန် ၊ သင်္ဘောများ ပေါ်တွင် လည်းကောင်း မိုးတွင်းကာလ ရေကြောင်း သွားလာရေး ဆိုင်ရာ ဗဟုသုတများ ၊ သတိပြု ဆင်ခြင် စရာများ အခါမလပ် ပြောကြား ပေးရန် နှင့် အန္တရာယ် နှင့် ကြုံတွေ့ပါက အလွယ်တကူ ကျော်လွှား နိုင်ရန် အသက်ကယ် ဗောများ ရေယာဉ်တွင် တပ်ဆင် ထားရန်တို့ ဖြစ်သည်။

သို့မှသာ မိုးဦးလေဦး ကာလမှ မိုးတွင်း ကာလပြီးဆုံးသည် အထိ ကြုံတွေ့ ရတတ်သည့် မိုးသက်လေပြင်း အန္တရာယ်ကို ရေကြောင်းဖြင့် ခရီးသွားလာ သူတို့ သတိပြု ဆင်ခြင်နိုင်ပြီး အန္တရာယ် ကင်းစွာ သွားလာ နိုင်မည် ဖြစ်ပါကြောင်း အကြံပြု ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger