www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 6, 2014

ကင်ဆာရောဂါ ကာကွယ်ရေး အာဟာရ နှင့် ထိန်းညှိပေး


ကင်ဆာရောဂါ ကာကွယ်ရေး အာဟာရ နှင့် ထိန်းညှိပေး

မန္တလေးတိုင်း ဒေသကြီး အထွေထွေ ရောဂါကု ဆေးရုံကြီးမှ ကင်ဆာရောဂါ ဓာတ်ရောင်ခြည် ဌာနရှိ Linear Accelerator စက်သစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်တွင် ကျင်းပ ခဲ့သည်။ ကင်ဆာရောဂါ သည် ကမ္ဘာပေါ်တွင် အဖြစ် အများဆုံး ရောဂါဖြစ်ပြီး ကင်ဆာရောဂါ ဖြစ်ပွားသူ ဦးရေ၏ သုံးပုံတစ်ပုံ သည် အစားအသောက် နှင့် သက်ဆိုင်ကြောင်း သုတေသီများ တွေ့ရှိ ထားကြသည်။

ကင်ဆာ ( Cancer ) ဆိုသည်မှာ လက်တင်စကားမှ ဆင်းသက်လာပြီး နက္ခတ်တာရာ တစ်ခု၏ အမည် ကဏန်းကောင် ( Crab ) ဟု အဓိပ္ပာယ် ရသည်။ ကင်ဆာရောဂါ အမြစ်တွယ်သည် နှင့် ကဏန်းကောင် ၏ ခြေလက်များ ကဲ့သို့ အဘက်ဘက်သို့ ဖြာထွက်ကာ ပွားများသည့် သဘောရှိခြင်း ကို ရည်ညွှန်း ခေါ်ဆိုခြင်း ဖြစ်သည်။ ကင်ဆာ ဆိုသည့် ဝေါဟာရ ကို ဘီစီ ၄၂ဝ တွင် ပေါ်ပေါက်ခဲ့သော ဆေးပညာ ဖခင်ကြီး ဟစ်ပိုကရစ်တီးစ် ( Hippocrates ) က စတင် အမည်ပေး ခဲ့သည်။

ကင်ဆာသည် အလွန် ရှေးကျသော ရောဂါတစ်မျိုး ဖြစ်ကြောင်း အထောက် အထားမှာ ဗြိတိန်နိုင်ငံ ပြတိုက်ကြီး အတွင်း၌ ရှိသော ဒိုင်နိုဆော သတ္တဝါ ကျောက်ဖြစ် ရုပ်ကြွင်း၏ အမြီးရိုးတွင် ကင်ဆာရောဂါ လက္ခဏာ တွေ့ရသည်။ ၄င်း ကျောက်ဖြစ် ရုပ်ကြွင်းသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၂ဝဝ ကျော်က ကျောက်ဖြစ် ရုပ်ကြွင်း ဖြစ်ကြောင်း သိရသည်။

ဆေးပညာရှင် များ၏ အဆိုအရ ကင်ဆာရောဂါ သည် ခန္ဓာကိုယ်ရှိ ဆဲလ်များ၏ မျိုးဗီဇ ( DNA ) ဖောက်ပြန် မှုကြောင့် နဂိုမူလ အရည်အသွေး နှင့် ဆောင်ရွက်မှုများ ပုံမှန် မဟုတ်တော့ဘဲ လိုသည်ထက် ပိုမိုများပြား လာမှု၊ ခန္ဓာကိုယ် အတွက် အန္တရာယ် ဖြစ်စေမည့် ဓာတ်ပစ္စည်းများ ထုတ်လုပ်မှု တို့ကြောင့် ဆဲလ်များ ပုံမှန်မပွားဘဲ အထိန်းအချုပ် အကန့်အသတ် မရှိ ပွားများ နေသော ပြောင်းလဲမှု ပင်ဖြစ်သည်။ ယေဘုယျ အားဖြင့် ကင်ဆာဆဲလ် တစ်ခုမှ အကျိတ် ကင်ဆာ ဖြစ်ရန် ပျမ်းမျှ နှစ်ပေါင်း ၂ဝ မှ ၄ဝ အထိ ကြာတတ်သည်။ ထိုကာလအတွင်း စားသောက်သော အစားအစာ ကြောင့် ကင်ဆာ ပိုမိုဆိုးရွား ရှင်သန်နိုင် သကဲ့သို့ ကင်ဆာကို အစားအသောက် ဖြင့် ကာကွယ် တားဆီး နိုင်ကြောင်း ဆေးပညာရှင် များက ညွှန်ပြထား ကြသည်။

ကင်ဆာပိုမို ဆိုးရွား ရှင်သန်စေသော အစားအစာ များမှာ အဆီ လွန်ကဲစွာ စားသုံးခြင်းဖြင့် သည်းခြေရည် ဖြစ်ထွန်းမှုကို အားပေးပြီး အူမကြီး ကင်ဆာ ဖြစ်ပွား စေနိုင်သဖြင့် ငါးအဆီနှင့် သံလွင်ဆီ များမှလွဲ၍ အခြား တိရစ္ဆာန် အဆီ၊ ဟင်းသီး ဟင်းရွက် အဆီများကို လျှော့စား သုံးသင့်သည်။ လက်တည်ချဉ်၊ အကင်မျိုးစုံ၊ ရက်လွန် မှိုတက်စာ တို့ကို စားသုံးခြင်းသည် အူမကြီး ကင်ဆာ၊ ဆီးကျိတ် ကင်ဆာ၊ ပန်ကရိယ ကင်ဆာများ ဖြစ်နိုင်ခြေ များသည်။ ပိုးသတ်ဆေး အကြွင်းအကျန် ပါဝင်သော အစားအစာ စားသုံးခြင်းသည် ဦးနှောက် ကင်ဆာ၊ ဆီးကျိတ် ကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာ တို့ ဖြစ်စေနိုင်သည်။ အရက်နှင့် ဆေးလိပ် သောက်ခြင်းသည် အစာအိမ် ကင်ဆာ၊ အသည်း ကင်ဆာ၊ ရင်သား ကင်ဆာနှင့် အခြား ကင်ဆာများ ဖြစ်နိုင်သည်။

ကင်ဆာကို ကာကွယ်နိုင်သော အစားအစာများမှာ ပဲအမျိုးမျိုး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကျွဲကောသီး၊ လိမ္မော်သီး၊ ရှောက်သီး စသည့် အရည်ရွှမ်း သော သီးနှံ အမျိုးမျိုး၊ ငါးအမျိုးမျိုး၊ လက်ဖက်၊ အမျှင်ဓာတ် များသော အစားအစာနှင့် ရေနွေးကြမ်း သောက်ခြင်း တို့ဖြစ်သည်။

လူတို့သည် အာဟာရ ဖြစ်စေရန် နေ့စဉ် စားသောက် နေကြရာ အချို့ အစားအစာ များသည် ကင်ဆာတစ်မျိုး ကို ကာကွယ် နိုင်သော်လည်း အစားအစာ အချို့က ကင်ဆာ တစ်မျိုးကို ပိုမို ဖြစ်ပွား စေတတ်ခြင်း ကြောင့် ကင်ဆာရောဂါ ကာကွယ်ရေး အတွက် အာဟာရနှင့် ထိန်းညှိ ပေးရမည် ဖြစ်ကြောင်း ဆေးပညာရှင် များက ပညာပေး အကြံပြု ထားကြရာ ပြည်သူများက အလေးထား လိုက်နာ ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( ၆-၂-၂၀၁၄ ရက် မြ၀တီနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger