www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 6, 2014

စည်းလုံးညီညွတ်မှု နှင့် အောင်မြင်မှု ပန်းတိုင်


စည်းလုံးညီညွတ်မှု နှင့် အောင်မြင်မှု ပန်းတိုင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကို နယ်ချဲ့ လက်အောက်မှ ပြန်လည် ရယူရာ၌ တစ်ဦးကောင်း၊ တစ်ယောက် ကောင်းဖြင့် ရယူ နိုင်ခဲ့ခြင်း မဟုတ်ပေ။ နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသား ပြည်သူ အပေါင်းတို့၏ စည်းလုံး ညီညွတ်မှုဖြင့် ရယူ နိုင်ခဲ့ခြင်း ဖြစ်သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံမြို့၌ တောင်ပေါ် မြေပြန့် ပြည်ထောင်စုဖွား တို့၏ စည်းလုံး ညီညွတ် တွေ့ဆုံ ဆွေးနွေး လွတ်လပ်ရေး အတွက်၊ သွေးစည်း ခဲ့ကြသည့် အတွက် ပြန်လည် ရရှိရန် အလွန်တရာ ခက်ခဲသည့် လွတ်လပ်ရေး ကို ရယူနိုင် ခဲ့သည်။

''သမဂ္ဂါနံ တပေါ သုခေါ'' စည်းလုံး ညီညွတ်ခြင်း သည် ချမ်းသာကို ဆောင်သည် ဟူသော စကားသည် ထာဝရ မှန်သည့် အမှန်တရား ဖြစ်သည်။ လွတ်လပ်ရေး ကို ရယူ ပေးနိုင်သည့် စည်းလုံး ညီညွတ်မှု သည် ပြည်သူတို့၏ လိုအင်ဆန္ဒ မှန်သမျှကို အောင်မြင်စွာ ဖော်ဆောင် နိုင်မည်မှာ အမှန်ပင် ဖြစ်သည်။

အထူးအားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည် တို့တွင် ပြည်သူ တစ်ရပ်လုံး ၏ စည်းလုံး ညီညွတ်စွာ ဖော်ဆောင် ခြင်းဖြင့် အောင်မြင်မှု ပန်းတိုင် ကို လှမ်းကိုင် နိုင်မည် ဖြစ်သည်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံသည် အကြောင်း အမျိုးမျိုး ကြောင့် အခြားသော အိမ်နီးချင်း နိုင်ငံများထက် ခေတ် နောက်ကျ ကျန်ရစ်ခဲ့ ရသည်။

ယခုအခါ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် ဒီမိုကရေစီ လမ်းကြောင်းဖြင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်၍ အေးချမ်း တည်ငြိမ်သော နိုင်ငံတော်သစ် ကို ဖော်ဆောင်လျက် ရှိသည်။ ထိုသို့ ဖော်ဆောင် ရာတွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြား ခဲ့သည့် စကားဖြင့် ဆိုရလျှင် ခါးတောင်းကျိုက် ပြီး ရေကုန် ရေခန်း ကြိုးစား အားထုတ် ကြရမည့် အခါ ဖြစ်သည်။

သို့ဖြစ်ရာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော၊ အေးချမ်း တည်ငြိမ်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖော်ဆောင် ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီ အဖွဲ့အစည်းများ အပါအဝင် ပြည်သူ တစ်ရပ်လုံးက ပြည်ထောင်စု စိတ်ဓာတ် အပြည့်ဖြင့် မိမိတို့ ကျရာ ကဏ္ဍ အသီးသီး ၌ စည်းလုံး ညီညွတ်စွာ လက်တွဲ ဆောင်ရွက်၍ အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင် နိုင်မည် ဖြစ်ကြောင်း ရေးသား လိုက်ရ ပေသည်။

( ၆-၂-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger