www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 21, 2014

ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာ ကြစေရန်


ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာ ကြစေရန်

ကျွန်ုပ်တို့ သားသမီးများက မိဘများထံ သွားရောက် ကန်တော့ကြ ရာတွင် လည်းကောင်း ၊ တပည့်များက ဆရာ ၊ ဆရာမကြီး များအား ကန်တော့ကြ ရာတွင် လည်းကောင်း '' ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာ ကြပါစေ ''စသည်ဖြင့် ဆုပေးစကား ပြောတတ် ကြသည်။

မိဘ ဆရာသမား တို့က ပေးသော ထိုဆုသည် အပေးလွယ် သလောက် အမှန်တကယ် ရရှိရန်ကား ခဲယဉ်းလှ ပေသည်။ အဘယ်ကြောင့် ဆိုသော် ကိုယ်ကျန်းမာ သော်လည်း စိတ်ချမ်းသာသူ ရှား၏။ ထို့အတူ စိတ်ချမ်းသာ သော်လည်း ကိုယ်ကျန်းမာသူ နည်းသည်။

လောက၌ ကိုယ်လည်း ကျန်းမာ စိတ်လည်း ချမ်းသာရန်မှာ ပို၍ ခက်ခဲလှ ပေသည်။ ကိုယ်ကျန်းမာ ရန်မှာ အာဟာရဓာတ် ညီညွတ် မျှတသော အစားအစာ စားသောက်ခြင်း ၊ ကိုယ်လက် လှုပ်ရှားမှု ပုံမှန် ပြုလုပ်ပေးခြင်း တို့ဖြင့် နေထိုင် စားသောက် ရမည် ဖြစ်ပေသည်။

စိတ်ချမ်းသာရန် အတွက် စိတ်ကို တည်ငြိမ် ပေါ့ပါးစွာ ထားရှိရမည်။ စိတ်ဖိစီးမှုကို ဖြစ်စေသော စဉ်းစား တွေးခေါ်မှု မျိုးကို ရှောင်ကြဉ် ရမည်ဖြစ်သည်။ ''စိတ်ထောင်းတော့ ကိုယ်ကြေ'' ဟူသော စကားအတိုင်း စိတ်ချမ်းသာမှု မရှိသော သူသည် ကိုယ်ကျန်းမာမှု လည်းရှိမည် မဟုတ်ပေ။

လူတို့သည် ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာအောင် သင့်တင့် လျောက်ပတ်သော နှလုံးသွင်း နေထိုင်ခြင်း ၊ ခြိုးခြံ ချွေတာစွာ နေထိုင်ခြင်း ၊ တင်းတိမ် ရောင့်ရဲခြင်း တို့ဖြင့် စိတ်ချမ်းသာခြင်းကို ရနိုင်သည်။ သို့သော် ပုထုဇဉ် လူသားတို့ အတွက် အလုံးစုံ စိတ်ချမ်းသာ မှုကား ရရှိမည် မဟုတ်ပေ။ စည်းစိမ် ဥစ္စာ ချမ်းသာခြင်း သည် လူတို့အတွက် တစ်ခဏတာ ချမ်းသာခြင်း ကိုပေး၏။ သို့သော် ထာဝရ စိတ်ချမ်းသာခြင်း မျိုးမပေး နိုင်ပေ။

ခြိုးခြံ ချွေတာစွာ နေထိုင်ခြင်းဖြင့် ပူပင် သောကများ နည်းပါးစေပြီး စိတ်ချမ်းသာခြင်း ကို ဖြစ်စေသည်။ တင်းတိမ် ရောင့်ရဲခြင်း ကြောင့် လောဘ ၊ ဒေါသများကို ချုပ်တည်း နိုင်စွမ်းကို ရသည်။ လောဘ ၊ ဒေါသနည်း သဖြင့် စိတ်လည်း ချမ်းသာလာ နိုင်သည်။

သို့သော်လည်း လူအများစုသည် စိတ်ချမ်းသာ သော်လည်း ကိုယ်မကျန်းမာ ကိုယ်ကျန်းမာ သော်လည်း စိတ်မချမ်းသာ သူများ ရှိကြသည်။ ပင်ပန်းစွာ လုပ်ကိုင် ကြရသလောက် ကိုယ်လည်း ဆင်းရဲ ၊ စိတ်လည်း ဆင်းရဲ ကြသူများ ရှိကြသည်။

သို့ဖြစ်ရာ လူတိုင်း လူတိုင်း ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာ ကြစေရန် ဗုဒ္ဓ၏ တရားတော်များ ကို နှလုံးသွင်း၍ လောဘ ၊ ဒေါသများကို သွေဖည်ကာ လောကဓံ တရားများကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး စားသောက် ၊ နေထိုင် လုပ်ဆောင် ကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( ၂၁-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger