www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 23, 2013

မောင်တို့ ပန်းကမ္ဘာမြေ မှ ပန်းပွဲတော်




သက်နိုင် (ပြင်ဦးလွင်)

မြန်မာ လူမျိုးများ သာမက ကမ္ဘာလှည့် ခရီးသွားများ လည်း စိတ်ဝင်စားသော ပြင်ဦးလွင်မြို့ ပန်းပွဲတော် ကို ဒီဇင်ဘာ ၂ဝ ရက်က အမျိုးသား ကန်တော်ကြီး ဥယျာဉ်အတွင်း ၌ အဋ္ဌမ အကြိမ်မြောက် ဖွင့်လှစ်ပြသ နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုနှစ်တွင် ယခင်နှစ်များ နှင့် ပုံစံမတူသော ဟင်္သာရုပ် ၊ လင်းပိုင်ရုပ် ၊ စလင်ဒါပုံ ၊ အသည်းပုံ ၊ ခရစ္စမတ် သစ်ပင်ပုံ ၊ လူရုပ်ပုံများ ၊ ပန်းအိုး ပန်းပွင့်ပုံ စသည်ဖြင့် လှပ ဆန်းကြယ်သည့် စိတ်ကူးများဖြင့် ပုံစံ ၁၁ ခုကို ပုံဖော် ပြသ ထားသည်။

ပန်းပွဲတော် အတွင်း ပန်းအစို ၊ ပန်းအခြောက် (ပန်းတု) နှစ်မျိုးတို့ ပေါင်းစပ်၍ လှလှပပ ဝေဝေဆာဆာ ခင်းကျင်း ပြသထားရာ သဘာဝ အလှနှင့် ဖန်တီး ပြုပြင်မှု အလှတို့ကို တစ်နေရာ တည်းတွင် တဝကြီး ခံစား ကြည့်ရှုနိုင်ပြီ ဖြစ်သည်။ ပန်းခြောက် များဖြင့် ပုံစံအမျိုးမျိုး ကို လက်ရာ မြောက်စွာ ပုံဖော်ထားရှိပြီး သဘာဝ ပန်းများကြား တွင် မျက်စိ ပသာဒ ကျအောင် စီစဉ် ထားသည်မှာ နှစ်သက်စရာ ကောင်းလှ သည်။

ပုံစံ အမျိုးမျိုးသော သရုပ်ဖော်ပုံ တို့ကို ပန်းပွင့်ပေါင်း ခြောက်သောင်း ခြောက်ထောင် ကျော်ဖြင့် အရောင်အသွေး စုံလင်စွာ ဖန်တီး ပြသထားသည်။ ယခု အချိန်အခါ သည် ပြင်ဦးလွင်မြို့ ၌ ရာသီဥတု ကြည်လင် သာယာ ကောင်းမွန်လျက် ရှိရာ ပန်းပွဲတော်ကို အချိန်ကာလ တစ်လ ဝန်းကျင် ခင်းကျင်း ပြသထားမည် ဟု သိရသည်။

အမျိုးသား ကန်တော်ကြီး ဥယျာဉ်အတွင်း ပတ်ဝန်းကျင် နေရာအစုံ တို့တွင် ကြီးမား ကျယ်ပြန့်သော ရောင်စုံ ပန်းခင်းများ ကိုလည်း လေ့လာ ကြည့်ရှု နိုင်သည်ဖြစ်ရာ ယခု ပြုလုပ်ပြသ ထားသော ပန်းပွဲတော် ၊ ပန်းအလှ ကိုလည်း ထူးခြား ဆန်းပြားစွာ ကြည့်ရှု ရဦးမည် ဖြစ်ပေသည်။

ထို့ကြောင့် တစ်နှစ်တွင် တစ်ကြိမ်သာ ခင်းကျင်း ပြသသော ပြင်ဦးလွင် ပန်းပွဲတော် (ပန်းပြပွဲ)သို့ ပန်းအလှကို ခံစားရင်း ဗဟုသုတ အဖြစ် လေ့လာနိုင်ရန် အလည်တစ်ခေါက် အရောက် လှမ်းသင့်ပါ ကြောင်း ဖိတ်ခေါ် ရေးသား အပ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger