ဆုတ်ကပ်ကမ္ဘာဆီသို့ သွားနေသည့် တိုးတက်မှုယန္တရား
အချိန်ကာလများ တရွေ့ရွေ့ ကုန်ဆုံး လာမှုတို့နှင့် အတူ ဗုဒ္ဓဘုရားရှင် ထားတော်မူ ခဲ့သော သာသနာ သက္ကရာဇ် သည် ၂၅၅၇ ခုနှစ်သို့ ရောက်ရှိ လာခဲ့ပေပြီ။ သို့ဆိုပါက သာသနာ သက္ကရာဇ် သည် သက်တမ်း တစ်ဝက်ကျော် ကုန်ဆုံးခဲ့ လေပြီ။ အကြောင်း အရင်းမှာ ဘုရားရှင်သည် သာသနာ သက်တမ်း အနှစ် (၅ဝဝဝ) တည်စေဟု ဗျာဒိတ်တော် ထားခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် ကျွန်တော် အပါအဝင် ကမ္ဘာ့ လူသား အားလုံးသည် ဆုတ်ကပ်ဟု ခေါ်သော ကာလများ ဆီသို့ တရွေ့ရွေ့ ခရီးနှင် နေကြသော ခရီးသွား များပင် ဖြစ်တော့သည်။ အဆုံး မမြင်သော လောက ပင်လယ်ပြင် ကြီးထဲတွင် တစ်လှေ တည်းစီး တစ်ခရီး တည်းသွား နေကြသည့် သူတွေဖြစ် ၍လည်း ဒီလှေကြီး ပေါ်မှာ အကြောင်း အမျိုးမျိုးနဲ့ တွေ့ကြ ၊ ခင်ကြ ၊ သိကျွမ်းကြပြီး ပေါင်းကြ ၊ သင်းကြ အကြောင်းဆုံ ခဲ့ရ လေသည်။ လူအမျိုးမျိုး ၊ စိတ်အထွေထွေ ဆိုသလို တစ်ဦးနှင့် တစ်ဦး အကြိုက်ခြင်း မတူကြသလို သဘောထား များကလည်း အမျိုးမျိုး ကွဲပြားလျက် အယူအဆ အသီးသီး နှင့် ရှိနေ ကြသည် ဖြစ်၍လည်း အမှန်နှင့် အမှား ၊ အကောင်းနှင့် အဆိုး ၊ အဖြူနှင့် အမည်း စသည့် ဆန့်ကျင်ဘက် သဘော တရား တို့သည်လည်း ထာဝရ တည်ရှိနေမှာ အမှန်ပင်။ ထို တည်ရှိနေသော ဆန့်ကျင်ဘက် တရားတို့တွင် ဘယ်ဟာက အမှန် ၊ ဘယ်ဟာက က အမှား ၊ ဘယ်ဟာက အကောင်း ၊ ဘယ်ဟာက အဆိုး စသည်တို့ကို အယူအဆ အမျိုးမျိုး ကွဲပြားမှုများ ကြောင့် ကိုယ့်ပေတံ နှင့်ကိုယ် တိုင်းထွာ နေကြ၍လည်း ကမ္ဘာပေါ်တွင် အဆုံးမသတ် နိုင်သော ပဋိပက္ခ မျိုးစုံတို့ ဖြစ်ပွား နေကြသည် မဟုတ်ပါလား။
ထိုသို့ ပဋိပက္ခမျိုးစုံ ဖြစ်ပွား လာမှုတွေနှင့် အတူ ကမ္ဘာ့ နိုင်ငံ အသီးသီး တို့သည် အင်အား ပြိုင်ဆိုင်မှုတို့ ကြီးထွာ လာခဲ့ပြီး သိပ္ပံနယ်ပယ် ကို ချဲ့ထွင် လာခဲ့ကြကာ အတော မသတ်သော တီထွင်မှုများ ပြုလုပ် လာခဲ့ကြ၍ ရုပ်ဝတ္ထု များကို တိုးတက်စေပြီး လူနေမှု အဆင့်အတန်း တွေမြင့်မား လာခဲ့ကြ သည်ဟု တွေးခေါ် ယူဆဖွယ် ရှိပေသည်။ သို့ဖြစ်၍ လက်မှု ကမ္ဘာမှသည် စက်မှုကမ္ဘာ ဆီသို့ တရွေ့ရွေ့ ချီတက်လာသော ကမ္ဘာကြီးသည် လူသားတို့၏ အတ္တလွန်ကဲစွာ ပြိုင်ဆိုင် လိုမှုတို့ကြောင့် ကမ္ဘာကြီး ရေရှည် တည်တံ့ရေးထက် ကမ္ဘာကြီး အသက်တိုရေး ဘေးထွက် ဆိုးကျိုးက ပို၍များ လာခဲ့ပေသည်။ ထို့ကြောင့်လည်း ကမ္ဘာကြီးသည် လူသားတို့၏ ပြိုင်ဆိုင်မှု များကြောင့် ဖြစ်ပေါ် လာရသော ဘေးထွက် ဆိုးကျိုးကို အပြည့်အဝ ခံစား နေရပေပြီ။
လူသားတို့၏ စည်းစမ် ခံစားလိုမှု ၊ အနိုင် ရလိုမှု ၊ ဗိုလ်ကျ စိုးမိုးလိုမှု စသည့် စိတ်ဓာတ်များကို အခြေခံ၍ တီထွင် လာခဲ့သော ရုပ်ဝတ္ထု ပစ္စည်းများ နှင့် လူသတ်လက်နက် များစွာတို့မှာ ကမ္ဘာကြီး၏ လေထု ၊ ရေထု ၊ မြေထု ၊ သစ်ပင် ၊ တော ၊ တောင် ၊ စိမ့်စမ်း စသည်တို့၏ ကမ္ဘာ့ အကျိုးပြုမှု ဂေဟစနစ်တို့ ပျက်စီး ယိုယွင်း လာခဲ့ကာ ဆိုးရွား ပြင်းထန်သော သဘာဝ၏ ဘေးအန္တရာယ် များကို ကမ္ဘာ့နိုင်ငံ အသီးသီး ခံစား နေရသည်မှာ စာတွေ့ ၊ မျက်တွေ့ မရေတွက် နိုင်တော့ပြီ။ ထို့ကြောင့် လူသား တို့သည် ထို ဘေးထွက် ဆိုးကျိုးများကို ကာကွယ်ရေး အတွက် ပြုပြင်ရေး တွေပြန်လုပ် ကြသော်လည်း ဘဲဥအစ ရှာသလိုဖြစ်ကာ လုံးလည် ချာလည် ရိုက်နေသည် ပင် ဖြစ်တော့သည်။ အသိဉာဏ် မြင့်မားသည်ဟု ဆိုသော လူတို့၏ ရုပ်ဝတ္ထုပေါ်၌ အခြေခံသော သဘောထား များကြောင့် ယခု ကဲ့သို့သော အကျိုးဆက်များ ဖြစ်ပေါ် လာရသည်ဟု ဆိုလျှင် မှားမည် မထင်ပါ။
သို့ဆိုလျှင် ကမ္ဘာကြီး ပေါ်တွင် ဖြစ်ပေါ်နေသော သဘာဝ ဘေးအန္တရာယ် များကြောင့် လည်းကောင်း ၊ လူသားတို့၏ ဖန်တီးမှုများ ကြောင့် ပျက်စီး ဆုံးရှုံးရသော လူသား တို့သည် လည်းကောင်း ၊ တဖြည်းဖြည်း ယိုယွင်း နေသော ဂေဟစနစ် တို့သည် လည်းကောင်း ၊ ခေတ်မီ တိုးတက် ပါသည်ဟု ခေါ်ဆို နေသော ကမ္ဘာကြီး ပေါ်တွင် ဆုတ်ယုတ် ပျက်စီးမှုတွေ ကြီးထွား များပြား လာနေသည်ကို တွေ့မြင် ကြားသိနေရ သည်မှာ ဒဏ္ဍာရီ မဟုတ်ဘဲ ကျွန်တော်တို့ အားလုံး လက်တွေ့ ခံစားနေရ လေပြီ။ ဒါကြောင့် ကျွန်တော်တို့ အားလုံး တစ်နည်း အားဖြင့် ကမ္ဘာ့လူသား အားလုံးသည် တိုးတက် ပါသည်ဟု ခေါ်သော ယန္တရားကြီးပေါ် ၌ ဆုတ်ကပ် ကမ္ဘာသို့ သွားနေ ကြသည်ကို သတိပြု နိုင်ကြပါစေ။
( ယောနသံ )
No comments:
Post a Comment