www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 5, 2013

နိုင်ငံရေး နှင့် ပြဇာတ်စာပေ


နိုင်ငံရေး နှင့် ပြဇာတ်စာပေ

အယ်ဒီတာ့အာဘော်
( ၅-၁၂-၂၀၁၃ )

မြန်မာနိုင်ငံတွင် အစောဆုံး ခေတ်သစ် ပြဇာတ်စာပေ ဟု မှတ်ယူ အပ်သော ပြဇာတ် တစ်ပုဒ်ကို ဆရာကြီး သခင်ဘသောင်း က ၁၉၂၈ ခုနှစ် တွင် ရေးသား ခဲ့ပြီး ပြဇာတ်အမည် မှာ " ဆရာဝန်ပါပဲ " ဖြစ်သည်ဟု လေ့လာသူ တို့က ဆိုကြသည်။

ထိုပြဇာတ်မှာ ကိုယ်တိုင်ရေး မဟုတ်ဘဲ ၁၇ ရာစုတွင် ကျော်ကြားသော ပြင်သစ် ပြဇာတ်ရေး ဆရာ မော်ဂျဲ (၁၆၂၃-၁၆၇၃) ရေးသားခဲ့ သည့် ပြဇာတ်ကို အင်္ဂလိပ် စာရေးဆရာ ဂျွန်ဝုဒ်က A Doctor in Spite of Himself အမည်ဖြင့် အင်္ဂလိပ်ဘာသာ ပြန်ဆို ရေးသား ထားသည်ကို သခင် ဘသောင်း က မြန်မာမှု ပြုလိုက်ခြင်း ဖြစ်သည်။ ဆေးပညာ တကယ် မတတ်ဘဲ လူအထင်ကြီး အောင် ညာဝါး ပြောဆို၍ အသက်မွေး နေသော သမားတု သမားယောင် တို့၏ သဘောကို ရေးဖွဲ့ ထားသည်။ ဇာတ်ဆောင် တစ်ဦးဖြစ်သူ မောင်ဖိုးထူး က မိမိ ဆရာဝန် ဖြစ်ကြောင်း ကျိန်တွယ် ပြောဆိုရာ၌ '' ဟုမ္မရူး ရတဲ့အခါ ငါးထောင်စား သူရာရေး အမတ်ကြီး ဖြစ်ရ ပါစေရဲ့၊ ဆာဘွဲ့ရ ရပါစေရဲ့'' ဟုပြောကာ နိုင်ငံရေး ပြတ်လုပ်း ထုတ်ခဲ့သည်။

၁၉၂ဝ ပြည့်နှစ်မှ ၁၉၃ဝ ပြည့်နှစ် အတွင်းက ပြဇာတ် စာပေတွင် တွေ့ရခြင်း ဖြစ်သည်။ ထိုခေတ်က မြန်မာနိုင်ငံ ငွေကြေးမှာ ၁၆ ပဲသည် တစ်ကျပ်နှင့် ညီမျှပြီး ၈ မူး သည်လည်း တစ်ကျပ် ဖြစ်သည်။ ရွှေဈေးမှာ အလေးချိန် ၅ မူးသား ရှိသော ရွှေဒင်္ဂါး တစ်ပြားလျှင် ၁၆ ကျပ်ပေး
ရသော ခေတ်ဖြစ်ကြောင်း ရှေးလူကြီးများ ပြောကြသည်။ တစ်လလျှင် လစာငွေ ကျပ် ၅၀၀၀ ရသော မင်းတိုင်ပင် အမတ် ရာထူးသည် မက်မော လောက်သော ရာထူး ဖြစ်သည်။

လွတ်လပ်ရေး ရပြီးနောက် နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီ ဖြစ်သော ယနေ့ကာလ တွင် ထာဝရ ငြိမ်းချမ်းရေး ရရှိရေး နှင့် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရန် ပြုပြင် ပြောင်းလဲရေး များ ဆောင်ရွက် နေပြီဖြစ်သည်။ ပြုပြင် ပြောင်းလဲရေး တွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက် နေစဉ်တွင် နိုဝင်ဘာ ၂၉ ရက်ထုတ် ပုဂ္ဂလိက နေ့စဉ် သတင်းစာ တစ်စောင်၏ အတွေးအမြင် ကဏ္ဍ၌ ဘာသာပြန် ဆောင်းပါး တစ်ပုဒ် ဖော်ပြ ထားသည်။ sbs.com.au တွင် ဖော်ပြ ထားသည့် Melissa Crouch of Myanmar's Constitutional Transitions is Military's Call ဆောင်းပါးကို ဆီလျော်သလို ဘာသာပြန်ဆို ထားခြင်း ဖြစ်သည်ဟု တွေ့ရသည်။

ဆောင်းပါးတွင် ဖော်ပြ ထားသည်များမှ ကော်မတီ အနေနဲ့ သိသာ ထင်ရှားတဲ့ ဖွဲ့စည်းပုံ အပြောင်းအလဲ တွေကို အကြံပြု ခဲ့မယ် ဆိုရင်တောင် ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အဆိုပြုချက် တွေဟာ ပါလီမန်ထဲ က လွှတ်တော် အမတ် ၇၅ ရာခိုင်နှုန်း က ထောက်ခံဖို့ လိုပါတယ်။ ပြည်သူ့ဆန္ဒ ခံယူပွဲကနေ ပြောင်းလဲမယ် ဆိုရင်တော့ မဲပေးဖို့ အရည်အချင်း ပြည့်မီတဲ့ သူတွေ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်း ကျော် လိုအပ် ပါတယ်။ ဒါဟာ အလွန် ကြီးမားတဲ့ အခက်အခဲ တစ်ရပ် ဖြစ်သလို ပါလီမန် လွှတ်တော် အမတ်နေရာရဲ့ ၇၅ ရာခိုင်နှုန်းကို ယူထားတဲ့ တပ်မတော်ရဲ့ သဘော တူညီမှု ရရှိဖို့ လိုပါတယ်ဟု ဖော်ပြထားသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂ဝဝ၈ ခုနှစ်) အခန်း(၄) ဥပဒေပြုရေး ပြဋ္ဌာန်းချက် ပြည်သူ့ လွှတ်တော် ဖွဲ့စည်းခြင်း ပုဒ်မ ၁ဝ၉ နှင့် အမျိုးသား လွှတ်တော် ဖွဲ့စည်းခြင်း ပုဒ်မ ၁၄၁ တို့အရ လွှတ်တော် အသီးသီးတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း သာ ပါဝင်ကြောင်း တွေ့ရမည် ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ( ၂၀၀၈ ခုနှစ် ) တွင် ပြဋ္ဌာန်း ထားသော အခန်း(၁၅) ခန်းနှင့် ပုဒ်မ ၄၅၇ ခု ပါဝင်ရာ အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများနှင့် သက်ဆိုင်သည် တို့ကိုသာ ပို၍ ထက်သန် နေကြပြီး ပြည်သူ့ အကျိုး စီးပွားနှင့် တိုက်ရိုက် သက်ဆိုင်သည့် အခြားကဏ္ဍ များကို အလေးထား ပြောဆိုသံ မကြား ရခြင်းကြောင့် သခင် ဘသောင်း ရေးသား ခဲ့သည့် " ဆရာဝန်ပါပဲ " ပြဇာတ်ထဲက နိုင်ငံရေး ပြတ်လုံးကို ယနေ့တစ်ဖန် ပြန်လည် သုံးရဦးမည်လား ဆိုသည်ကို ပြည်သူတို့ စဉ်းစားရန်  လိုအပ် နေပေပြီ။ ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger