www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 18, 2013

ကျန်းမာရေး နှင့် ညီညွတ်စွာ နေထိုင် စားသောက်ခြင်း ဖြင့် ရောဂါဘယ ကင်းဝေးရေး ကာကွယ်

ကျန်းမာရေး နှင့် ညီညွတ်စွာ နေထိုင် စားသောက်ခြင်း ဖြင့် ရောဂါဘယ ကင်းဝေးရေး ကာကွယ်

အယ်ဒီတာ့အာဘော်
(၁၈-၁၀-၂၀၁၃)

လူတို့အတွက် အနာရောဂါ ဖြစ်ပေါ် စေတတ်သော အကြောင်းတရား များမှာ ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ ဟူသော လေးမျိုးကြောင့် ဖြစ်ကြောင်း သိရသည်။ ဥပမာအားဖြင့် အစာအိမ် ရောဂါ ဖြစ်စေသော အကြောင်းတရား များတွင် ပူပင်ဖွယ်ရာ သောကများခြင်း ၊ ရာသီဥတု အပြောင်းအလဲ ၊ အလုပ် ဖိစီးမှုကြောင့် ပင်ပန်းခြင်း နှင့် အစားအသောက် မမှန်ခြင်း တို့ကြောင့် ဖြစ်တတ်ကြောင်း ဆေးပညာရှင် များ လေ့လာ တွေ့ရှိ ထားကြသည်။ အစာအိမ် အတွက် အူသိမ်ဦး အနာ ၊ အစာအိမ် အနာနှင့် အစာအိမ် အဝင်ဝ အစာအိမ် ရေမြိုပြွန် အနာဟူသော သုံးခု စလုံးကို ပေါင်း၍ အစာအိမ် ရောဂါဟု အလွယ် ခေါ်ကြခြင်း ဖြစ်သည်။ ဤရောဂါ သုံးမျိုးအနက် အစာအိမ် အထွက် အူသိမ်ဦး အနာသည် အဖြစ် အများဆုံး ဖြစ်ပြီး အစာအိမ် အနာသည် ဖြစ်နိုင်ခြေ တစ်ဝက်လောက် ရှိကာ အစာအိမ် အဝင်ဝ ရေမြိုပြွန် အနာသည် ဖြစ်နိုင်ခြေ နည်းပါးကြောင်း သိရသည်။

အသက်ရှူ လမ်းကြောင်း မှတစ်ဆင့် ဖြစ်ပွား တတ်သော ပန်းနာ ရင်ကျပ် ရောဂါသည် ကမ္ဘာပေါ်တွင် လူပေါင်းသန်း ၃ဝဝ ဖြစ်ပွားလျက် ရှိသည်။ ပန်းနာ ရင်ကျပ် ရောဂါ ကုသမှုတွင် ဆေးဝါး မပါဘဲ ကုသနည်း နှင့် ဆေးဝါး ပါသော ကုသနည်း ဟူ၍ နှစ်မျိုး ရှိသည်။ ဆေးဝါး မပါသော ကုသနည်းမှာ ဓာတ် မတည့်သော အရာများကို ရှောင်ရှားခြင်း ၊ အိမ်မွေး တိရစ္ဆာန် ၊ ဖုန် ၊ အမှုန်အမွှား ၊ အငွေ့ ၊ အနံ့အသက် ၊ ဓာတ်မတည့် သော အစားအစာ နှင့် ဆေးဝါး တို့ကို ရှောင်ကြဉ် ခြင်းနှင့် လေကောင်း လေသန့် ရရှိသော နေရာ၌ နေထိုင်ခြင်း တို့ဖြစ်သည်။ ဆေးဝါး ပါသော ကုသနည်းမှာ ဗန်တိုလင် ၊ အမိုင်နို ၊ စတီးရွိုက် စားဆေး ၊ ထိုးဆေး ၊ ရှူဆေး ၊ ဓာတ်မတည့် မှုကိုသက်သာ စေသောဆေး ၊ ပဋိဇီဝ ပိုးသတ်ဆေး တို့ဖြင့် ကုသခြင်း ဖြစ်သည်။

မျက်မှောက်ခေတ် လူအများစု သည် ဆားဓာတ် (ဆိုဒီယမ်) အများအပြား ပါဝင်၍ ပိုတက်စီယမ် အနည်းငယ် သာ ပါဝင်သော အစား အသောက်များ စားသုံး နေကြသည်။ လေ့လာ တွေ့ရှိချက် များအရ ပိုတက်စီယမ် ဓာတ် ပါဝင်သော အစားအစာ များများ စား၍ ဆိုဒီယမ် ဓာတ် ပါဝင်သော အစားအစာ လျှော့စားခြင်း ကြောင့် လေဖြတ် ရောဂါ ဖြစ်နိုင်မှုကို ၂၁ ရာခိုင်နှုန်း လျော့ကျ စေပြီး နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း ကိုလည်း လျော့ကျ စေနိုင်သည်။ ပိုတက်စီယမ် သည် သွေးကြော များကို ထိခိုက်မှု မဖြစ်စေရန် ကာကွယ် ပေးပြီး သွေးကြော နံရံများ ထူထဲမာကျော မှုမဖြစ် စေရန် ဟန့်တား ပေးနိုင်သည်။ ထို့ကြောင့် ကျန်းမာရေး ရောဂါ ဝေဒနာ ကင်းစေရန် ပိုတက်စီယမ် ပါဝင် မှုမြင့်မားသော ကန်စွန်းဥ ၊ ခရမ်းချဉ်သီး ၊ ပဲသီး ၊ ဆီးသီး ၊ မုန်လာဥနီ ၊ ပဲပုပ် ၊ ငှက်ပျောသီး ၊ ခုံးကောင် ၊ ဒိန်ချဉ် တို့ကို စားသုံး သင့်ကြောင်း ဆေးပညာရှင် များက တိုက်တွန်း ထားကြသည်။

ယနေ့ အချိန်တွင် စားသုံးသူများ အတွက် အန္တရာယ် ရှိသော ဆိုးဆေးများ အသုံးပြု နေကြသည်။ ဆိုးဆေး အသုံးပြုသော အစားအစာ များမှာ လက်ဖက် ၊ ပဲအမျိုးမျိုး ၊ အခြောက်ခံ ထားသော အသားများ ၊ အချဉ်ထုပ်များ တွင် တွေ့ရသည်။ သကြားလုံး ၊ ဂျယ်လီနှင့် ရေခဲမုန့် တို့မှာ ဆိုးဆေးများကို စံချိန်စံညွှန်းနှင့် အညီ ထည့်ခွင့်ပြု ထားကြောင်း သိရသည်။ ဆိုးဆေးများမှာ သဘာဝ အားဖြင့် ဖြစ်သော ဆိုးဆေး ( Natural Dye )နှင့်  သီးသန့် ဆိုးဆေး အတု  ( Artificial Dye ) ဟူသော နှစ်မျိုးရှိသည်။ အစားအစာ များတွင် ဆိုးဆေး ထည့်သည့် အခါ အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ရေး အဖွဲ့ ( FDA )က သတ်မှတ် ထားသော အရောင်နှင့် ခွင့်ပြု ထားသည့် ပမာဏ အတိုင်းသာ ဖြစ်သင့်သည်။ ခွင့်ပြု ထားသည့် ပမာဏ အထက် လွန်ကဲနေပါက ဓာတ် မတည့်ခြင်း ၊ ကင်ဆာ ဖြစ်နိုင်ခြေ ရှိခြင်း ၊ အာရုံ စူးစိုက်မှု ချို့တဲ့ပြီး ဂနာမငြိမ် သောရောဂါတို့ ဖြစ်တတ်သည်။

သို့ဖြစ်၍ အသက်ရှည် ကျန်းမာရေး အတွက် တစ်ဦးချင်းစီ က အစားအသောက် အနေအထိုင် တို့ကို ကျန်းမာရေး နှင့် ညီညွတ်စွာ နေထိုင် စားသောက် ခြင်းဖြင့်    ရောဂါဘယ ကင်းဝေးအောင် ကာကွယ် ကြရမည် ဖြစ်ပေ

သည်။    ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger