www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 1, 2019

တပ်မတော်အတွင်းမှ အရွယ်မရောက်သေးသူကလေးသူငယ် ၃၂ ဦးအား ပြန်လည်နုတ်ထွက်ခွင့်ပြု၍ မိဘများထံ လွှဲပြောင်းပေးအပ်

တပ်မတော်အတွင်းမှ အရွယ်မရောက်သေးသူကလေးသူငယ် ၃၂ ဦးအား ပြန်လည်နုတ်ထွက်ခွင့်ပြု၍ မိဘများထံ လွှဲပြောင်းပေးအပ်
-
နေပြည်တော်  မတ်  ၃၁ 
-
ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့တို့၏ အစီအမံဖြင့် တပ်မတော်အတွင်းအရွယ်မရောက်သေးသူ ကလေးသူငယ်များကို သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်အလိုက် အသေးစိတ် စိစစ်နုတ်ထွက် ခွင့်ပြုလျက်ရှိရာ ၃၂ ဦး စိစစ်တွေ့ရှိခဲ့ပြီး စိစစ်ဖော်ထုတ် ရရှိသော အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ၎င်းတို့၏မိဘများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊  စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ကျင်းပသည်။ 
-
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ  တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် တပ်မတော်အရာရှိကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊  ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်ကြသော UNRCO ၊ UNICEF ၊ UNHCR ၊ ILO၊ Save the children၊ WORLD VISION ၊ World Food Programm တို့မှတာဝန်ရှိသူများ၊ ပြန်လည်နုတ်ထွက်ခွင့်ရ ကလေးသူငယ် ၃၂ ဦးနှင့် ၎င်းတို့၏ မိဘများတက်ရောက်ကြသည်။ ဦးစွာ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ်ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Mr. Knut Ostby  တို့က  အမှာစကားများ ပြောကြားကြသည်။ 
-
ထို့နောက် တပ်မတော်မှ နုတ်ထွက်ခွင့်ပြုသည့် လက်မှတ်နှင့် ၁ဝ နှစ်မှ ၁၈ နှစ်အကြား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို တာဝန်ရှိသူများကပေးအပ်ခဲ့ပြီး ကလေးများအားမိဘ(သို့မဟုတ်)အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ အခမ်းအနားအပြီးတွင် ကလေးများနှင့်မိဘများကို မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့မှ စီစဉ်သော ကြားကာလပြုစု စောင့်ရှောက်ရေးစခန်းသို့ တပ်မတော်မှ ပို့ဆောင်ပေးခဲ့ပြီး ထိုစခန်းတွင် မိဘများနှင့် အဆက်အသွယ်မရရှိသေးပါကဆက်သွယ် ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး ဆေးဝါးကုသရန် လိုအပ်မှု ရှိ/မရှိ စစ်ဆေးပေး၍ လိုအပ်ကကုသမှုခံယူစေခြင်း၊ ကျောင်းပြန် တက်ရန်ဆန္ဒရှိပါက ကျောင်းပြန်တက်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားရန်၊ အလုပ်လုပ် ကိုင်ရန်ဆန္ဒရှိပါက မျှတသော အလုပ်အကိုင်ရရှိနိုင်ရန်လိုအပ်သည့် ကျွမ်းကျင်မှုများ သင်ယူရန်  ဖြစ်နိုင်ခြေများ ဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံပစ္စည်းများ ဝေငှခြင်း၊ အိမ်အပြန်ခရီးစရိတ်နှင့် စားစရိတ် စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်သည်။ 
-
အလားတူ မိဘများထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများကို ရန်ကုန်မြို့၊  စစ်ကြောရေးနှင့် တည်းခိုရေး စခန်းနှင့်  မြဝတီစာပေတိုက် ခန်းမတို့၌ ၂ဝ၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၃ခုနှစ်တွင် သုံးကြိမ်၊   ၂ဝ၁၄ ခုနှစ်တွင် လေးကြိမ်၊ ၂ဝ၁၅ ခုနှစ်တွင် သုံးကြိမ်၊ ၂ဝ၁၆ ခုနှစ်တွင် နှစ်ကြိမ်၊ ၂ဝ၁၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၈ ခုနှစ်တွင် တစ်ကြိမ်နှင့် ယခုအကြိမ် ၃၂ ဦးအပါအဝင် ၂ဝ၁၉ ခုနှစ်အထိ ၁၆ ကြိမ် ရှိခဲ့ရာ စုစုပေါင်း ၉၈၄ ဦး လွှဲပြောင်းပေးအပ် ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။ 
-
မြန်မာနိုင်ငံ၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၂ဝ၁၂ ခုနှစ်၊ ဇွန် ၂၇ ရက်တွင် ၁၈ လတာလုပ်ငန်း စီမံချက်ကို UNCTFMR နှင့် လက်မှတ်ရေးထိုး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစီမံချက် သက်တမ်းအား ၂ဝ၁၃ ခုနှစ်၊ဒီဇင်ဘာ ၂၈ ရက်တွင် ပထမအကြိမ် ခြောက်လ၊၂ဝ၁၄ ခုနှစ်၊ ဇွန် ၂၈ ရက်တွင် ဒုတိယအကြိမ် ခြောက်လသက်တမ်း တိုးမြှင့် လုပ်ဆောင်ခဲ့သည်။ 
-
တပ်မတော်အနေဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား တပ်မတော် အတွင်း၌ လုံးဝမကျန်ရှိစေရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား လုံးဝစုဆောင်းခြင်း မပြုရန်နှင့် အကြောင်း အမျိုးမျိုးဖြင့် မှားယွင်း စုဆောင်းခဲ့သူများရှိပါကလည်း အမြန်ဆုံး ထွက်ခွင့်ပြုရန် စိစစ် ဆောင်ရွက်လျက် ရှိသည့်အပြင် တာဝန်ရှိသူများကိုလည်း စစ်စည်းကမ်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိရာ ၂ဝ၁၉ ခုနှစ်၊ မတ်လအထိ တာဝန်ရှိသူ အရာရှိ ၉၆ ဦးနှင့် စစ်သည် ၃၅၂ ဦးတို့အား စစ်စည်းကမ်းနှင့်အညီ အရေးယူခဲ့ကြောင်း သတင်း ရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger