www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 4, 2019

တပ်မတော်၏ ပစ်ခတ် တိုက်ခိုက်မှု ဆိုင်ရာ ရပ်စဲရေး ကြေညာချက်အား ကြိုဆိုခြင်းနှင့် ငြိမ်းချမ်းရေးအတွက် အတူတကွ ပူးပေါင်း ပါဝင်ရေး ပြည်သူ့ဆန္ဒ ဖော်ထုတ်ပွဲ ကျင်းပ

တပ်မတော်၏ ပစ်ခတ် တိုက်ခိုက်မှု ဆိုင်ရာ ရပ်စဲရေး ကြေညာချက်အား ကြိုဆိုခြင်းနှင့် ငြိမ်းချမ်းရေးအတွက် အတူတကွ ပူးပေါင်း ပါဝင်ရေး ပြည်သူ့ဆန္ဒ ဖော်ထုတ်ပွဲ ကျင်းပ
-
ရန်ကုန်  ဖေဖော်ဝါရီ   ၃ 
-
တပ်မတော်၏ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေးကြေညာချက်အား ကြိုဆိုခြင်းနှင့် ပြည်ထောင်စုဖွား တိုင်းရင်း သား ညီအစ်ကိုများမှ  ငြိမ်းချမ်းရေးအတွက် အတူတကွပူးပေါင်း ပါဝင်ရေး ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲကို ယနေ့  ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ရှိ မဟာဗန္ဓုလ ပန်းခြံရှေ့၌ ကျင်းပကြောင်းသိရသည်။ 
-
ရှေးဦးစွာ မွန်းလွဲ ၂ နာရီတွင် ပြည်သူ့ ဆန္ဒဖော်ထုတ်ပွဲပါဝင်ဆင်နွှဲကြသည့် ရဟန်း ရှင်လူပြည်သူများသည် ဗဟန်းမြို့ နယ်  ကမ္ဘာအေးဘုရားလမ်းရှိ ရေခဲဆိုင်မှတ်တိုင် အနီး၌  စုရပ်ပြုလုပ်ကြပြီး အခမ်းအနားကျင်းပမည့် မဟာဗန္ဓုလပန်းခြံရှေ့သို့ စနစ်တကျ စုပေါင်းချီတက်ခဲ့ကြရာ ချီတက်စဉ်တွင် နိုင်ငံတော်အလံငယ်များ၊ ငြိမ်းချမ်းရေး ချိုးရုပ်ပါ အလံငယ်များနှင့်အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများလက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ရေး ဒို့အရေး ဒို့အရေး၊ ပြည်ထောင်စုဖွားတိုင်းရင်းသားများစည်းလုံး ညီညွတ်မှု မပြိုကွဲရေး  ဒို့အရေး ဒို့အရေး၊ ပြည်နယ်ပြည်မ မကျန် နေရာအနှံ့အပြား ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဒို့အရေး ဒို့အရေး၊ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပြည်လုံးကျွတ်ထာဝရ ငြိမ်းချမ်းရေးရရှိရေး ဒို့အရေး ဒို့အရေး၊  တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ တပ်မတော်၏ ဦးဆောင်မှုအောက်တွင်ငြိမ်းချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး ဒို့အရေး ဒို့အရေး၊ ထာဝရငြိမ်းချမ်းရေးမှဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသို့ အတူတကွချီတက်ရေး ဒို့အရေး ဒို့အရေး စသည့် လက်ကိုင်ပိုစတာများကိုင်ဆောင်ထားကြသည်။ 
-
အလားတူ ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ကြသူများသည် ပြည်ထောင်စုကြီးထာဝရမပြိုကွဲရေး ဒို့အရေး ဒို့အရေး၊ ပြည်ထောင်စုကြီးထာဝရငြိမ်းချမ်းမှုရရှိရေး ဒို့အရေး ဒို့အရေး၊ ပြည်တွင်းစစ်များပပျောက်ရေး ဒို့အရေး ဒို့အရေး၊   တိုင်းပြည်အတွင်း အေးချမ်း လုံခြုံ တည်ငြိမ်ရေး ဒို့ အရေး ဒို့အရေး၊ လက်နက်ကိုင် လမ်းစဉ် စွန့် လွှတ်ရေး ဒို့အရေး ဒို့အရေး  စသည့် ကြွေးကြော်သံများဖြင့် ချီတက်ရာလမ်းတစ်လျှောက်ကြွေးကြော်ခဲ့ ကြသည်။
-
ထို့နောက်  အခမ်းအနားကိုကျင်းပရာ  ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲ ပါဝင်ဆင်နွှဲသူများသည် နိုင်ငံတော် အလံအား အလေးပြုကြပြီး နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုကြသည်။ဆက်လက်၍ နိုင်ငံအချုပ်အခြာအာဏာကို ကာကွယ် စောင့်ရှောက်စဉ် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေး လှူခဲ့ရသည့် တပ်မတော်သားများ၊ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်း များအား ဂုဏ်ပြုသောအားဖြင့်တစ်မိနစ်ငြိမ်သက်ကြသည်။ ယင်းနောက် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ ပေးပို့သည့် သဝဏ်လွှာကို  ကန်ညီနောင်ကြာတစ်ပွင့် ဆရာတော် ဦးဥာာဏောဘာသက ဖတ်ကြားပြီး တပ်မတော်၏ ပစ်ခတ်တိုက်ခတ်မှု ဆိုင်ရာ ရပ်စဲရေး ကြေညာချက်အား ကြိုဆိုခြင်းနှင့် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုများမှ ငြိမ်းချမ်းရေးအတွက် အတူတကွ ပူးပေါင်း ပါဝင်ရေးနှင့်ပတ်သက်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)သီပေါမြို့နယ်မှ ဦးစိုင်းအောင်လှ (ခ)ဦးခင်အောင် ဆွေနှင့် ဦးလှဆွေ (ဘူးလက်) တို့က    အသီးသီး ဟောပြောဆွေးနွေးခဲ့ကြသည်။
-
ထို့နောက် ကြွေးကြော်သံများ  သံပြိုင်ကြွေးကြော်ကြပြီး ငြိမ်းချမ်းရေးကိုကြိုဆိုသည့် အထိမ်းအမှတ် အဖြစ်မိုးပျံပူ ဖောင်းများ လွှတ်တင်ကြကာ အခမ်းအနားတက်ရောက်ကြသူ  ရဟန်းရှင်လူများ၏ သဘောထား ထုတ်ပြန် ကြေညာချက်ကို  အမျိုးသားရေး လှုပ်ရှားသူ ဦးသက်မျိုးဦးက ဖတ်ကြားသည်။
-
-
တပ်မတော်သည် နှစ်ဦးနှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက်ရရှိရေး ကိစ္စနှင့် နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေး နိုင်ရေးကိစ္စများကို ညှိနှိုင်း ပူးပေါင်းဆောင်ရွက် နိုင်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊  အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊  အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေနှင့် တြိဂံ ဒေသတိုင်း စစ်ဌာချုပ်နယ်မြေတို့တွင် ၂ဝ၁၈ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂ဝ၁၉ ခုနှစ် ဧပြီ ၃ဝ ရက်အထိ စစ်ဆင်ရေးနယ်မြေ အလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှု အားလုံးကို ရပ်ဆိုင်း ပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။
-
ယနေ့ပြုလုပ်သည့် ပြည်သူ့ဆန္ဒ ဖော်ထုတ်ပွဲကို အမျိုးသားရေး တပ်ပေါင်းစု(ရန်ကုန်)က ဦးစီးကာ သက်ဆိုင်ရာသို့ ခွင့်ပြုချက်ရယူပြီး ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနှံ့အပြားတွင် စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိပြီး  ကမ္ဘာ့နိုင်ငံများ နည်းတူ ခေတ်မီ ဒီမိုကရေစီ နိုင်ငံတော်ဆီသို့  တိုးတက် ဖွံ့ဖြိုးမှုများအား ပြည်ထောင်စုဖွား တိုင်းရင်း သားများ၏ စုပေါင်း အားဖြင့် တည်ဆောက်နိုင်ရန် ရည်ရွယ်ကာကျင်းပခြင်း ဖြစ်ကြောင်းနှင့် ယင်းဆန္ဒ ဖော်ထုတ် ပွဲ သို့ ငြိမ်းချမ်းရေးကို လိုလားတန်ဖိုး ထားသည့် ရန်ကုန်တိုင်း ဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည် နယ်၊ ရခိုင်ပြည် နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ရဟန်းရှင်လူပြည်သူ တစ်သိန်းကျော် ခန့်တက်ရောက်ကြကြောင်းသိရသည်။ 
-
ဝန်းရံခ
-
#မြ၀တီနေ့စဉ်သတင်းစာ




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger