www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 21, 2019

ဆတ်ရိုးကျ ချောင်းကူးတံတားကို လာမည့် မတ်လအတွင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

ဆတ်ရိုးကျ ချောင်းကူးတံတားကို လာမည့် မတ်လအတွင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ
-
စစ်တွေ ဇန်နဝါရီ  ၂ဝ
-
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ လမ်းမတော် မြောက်ရပ်ကွက်နှင့် ဆတ်ရိုးကျ ရပ်ကွက်တို့ကို  ဆက်သွယ် တည်ဆောက်လျက်ရှိသည့် ဆတ်ရိုးကျ ချောင်းကူးတံတားကို လာမည့် မတ်လအတွင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားတည်ဆောက်ရေး(၂) တံတား တည်ဆောက်ရေး အထူးအဖွဲ့(၈) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
-
ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ ဆတ်ရိုးကျချောင်းကူး တံတားကို၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ကစပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားတည်ဆောက်ရေး (၂) တံတားတည်ဆောက်ရေး အထူးအဖွဲ့(၈)က တာဝန်ယူ တည်ဆောက်ခြင်းဖြစ်သည်။
-
တံတားမှာ သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်ပြီး ခံနိုင်ဝန် ၇၅ တန်ဖြစ်သည်။ ရေလမ်းကင်းလွတ် အကျယ် ၂၁၅ ပေ၊ ရေလမ်း ကင်းလွတ်အမြင့် ၃၆ ပေရှိသည့် တံတားအရှည် ၁၆၄၂ ပေ၊ တံတားအကျယ် ၃၁ ပေ၊ ယာဉ်သွားလမ်းအကျယ်၂၄ ပေနှင့် လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ဒသမ ၅ ပေ ရှိသည်။
-
အဆိုပါ  ဆတ်ရိုးကျချောင်းကူးတံတား တည်ဆောက်ပြီးစီးပါက ရွှေမင်းဂံဆိပ်ကမ်းတွင် ဆိုက်ကပ်လာသည့် ရန်ကုန်နှင့်ပြည်ပမှ ကုန်တင်သင်္ဘောများ၏ ကုန်ပစ္စည်းများကိုလည်း မြို့တွင်းသို့သယ်ယူနိုင်မည် ဖြစ်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်လာကာ ကျေးလက် နေပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးကို အထောက်အကူပြု လာနိုင်မည့်အပြင် စစ်တွေမြို့ကိုအမှီပြုပြီးသွားလာလုပ်ကိုင်နေကြသည့် ရွှေမင်းဂံကျေးရွာ၊ မင်းဂံရွာ၊ ကျေးတောရွာမ၊ ကျေးတောပိုက်ဆိပ်၊ ရွှေပြည်သာကျေးရွာ၊ ဗျိုင်းဖြူရွာ၊ မြင်းကန်တောရွာသစ်၊ မြင်းကန်တောရွာဟောင်း၊  သုံးဆောင်ရွာအပြင် ရွှေမင်းဂံချောင်း တစ်ဖက်ကမ်းမှ ကျေးရွာပေါင်းမြောက်မြားစွာ ဆက်သွယ်သွားလာရေး  ပိုမိုအဆင်ပြေ သွားမည် ဖြစ်ကြောင်းသိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger