-
ပင်းတယ ဇန်နဝါရီ ၂၁
-
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ မြို့နယ်လုံးကျွတ် ကောက်ဦးစပါး ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့က ကျင်းပသည်။ ရှေးဦးစွာ အောယောရပ်ကွက် မြို့အဝင်မှစ၍ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပင့်ဆောင်လျက် မြို့နယ်ကျောင်းတိုက်အသီးသီးမှ ရဟန်း၊ သာမဏေ ၂၆၈ ပါးတို့က ပင်းတယမြို့ပတ်လမ်းအတိုင်း အလှူခံကြွရောက်တော် မူကြသည်။
-
ထိုသို့ရဟန်း၊ သာမဏေများ အလှူခံကြွရောက်စဉ် လမ်းဘေးဝဲ၊ ယာတစ်လျှောက်မှ နေ၍ ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတအသင်း အဖွဲ့များ၊ ဓမ္မစကူးဌာနများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံ ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ပလောင်အစရှိသော တိုင်းရင်းသား မိဘပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ အလှူရှင်များက ကောက်ဦးစပါး ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်း အမျိုးမျိုးတို့ကို လောင်းလှူ ကြသည်။
-
ပင်းတယမြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာများရှိ လယ်ယာနှင့် တောင်ယာမြေများတွင် စိုက်ပျိုး ရရှိလာသော ကောက်ဦးစပါးများကို နှစ်စဉ်ပြာသို လပြည့်နေ့တိုင်း ရဟန်းသံဃာများအား လောင်းလှူကြသော ဓလေ့မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်ကြောင်းနှင့် အဆိုပါ ဓလေ့မှာ ဒေသအတွင်းရှိ ဓနု၊ တောင်ရိုး၊ ရှမ်း၊ ပလောင်၊ ပအိုဝ်း အစရှိသော တိုင်းရင်းသားများ၏ အလေ့အထတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment