www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 3, 2019

သံလွင်မြစ် အတွင်း မော်လမြိုင်-ဘားအံ အပျော်စီး သင်္ဘောခရီးစဉ် ပြေးဆွဲရန်စီစဉ်

သံလွင်မြစ် အတွင်း မော်လမြိုင်-ဘားအံ အပျော်စီး သင်္ဘောခရီးစဉ် ပြေးဆွဲရန်စီစဉ်
-
မော်လမြိုင်  ဇန်နဝါရီ   ၂ 
-
နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက် သံလွင်မြစ်အတွင်း   မော်လမြိုင်-ဘားအံ အပျော်စီးသင်္ဘော ခရီးစဉ်ပြေးဆွဲ ပေးနိုင်ရန် စီစဉ် လျက်ရှိကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီပိုင်ရှင် ဒေါ်တင့်တင့်လွင်ထံမှ  သိရသည်။ 
-
အဆိုပါ လုပ်ဆောင်မှုသည်  မွန်၊ ကရင် ဒေသအတွင်း ခရီးသွားလုပ်ငန်းများတိုးတက် မှုရှိလာစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး သံလွင်မြစ်အတွင်း  မော်လမြိုင်-ဘားအံခရီးစဉ် အတွက် ကွင်းဆင်း ဆောင်ရွက်မှုအပြီး ဘားအံမြို့သို့ ရောက်ရှိစဉ်   ကရင်ပြည်နယ် အစိုးရ အဖွဲ့များ၊ ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ တင့်တင့်မြန်မာကုမ္ပဏီမှ တာဝန် ရှိသူများ တွေ့ဆုံခဲ့ပြီး  သံလွင်မြစ်အတွင်း အပျော်စီးသင်္ဘောခရီးစဉ်အတွက် ဘားအံ မြို့  ရွှေယဉ်မျှော်ဘုရား (ယခင် ဘားအံမြို့ ဆိပ်ကမ်းနေရာဟောင်း)၌  ဆိပ်ခံဗော  တံတားတည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း၊ ထို့ပြင် အပျော်စီး သင်္ဘော ခရီးစဉ်အတွက် မွန်ပြည်နယ် ဘီလူးကျွန်းကျေးရွာမှ ဆိပ်ခံဗောတံတားကို ယူဆောင် အသုံးပြုရန်လည်း   သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့ ထံ ခွင့်ပြုချက် တောင်းခံထားကြောင်း သိရသည်။ 
-
''ဒီခရီးစဉ်ကို  ကွင်းဆင်းကြည့်ရှုခဲ့ပါတယ်။ ပထမက  နေ့ချင်းပြန် ပြေးဆွဲဖို့ပါ။ မဖြစ်နိုင်တာနဲ့  ဘားအံမှာ  တစ်ညအိပ် ခရီးစဉ် ပုံစံမျိုး လုပ်ဆောင်မယ်။ ခရီးသွား ဧည့်သည်တွေအနေနဲ့   အစားအသောက် တွေ  စားသုံးရင်းဒေသတွင်းမှာ ရှိတဲ့ သဘာဝအလှတွေကို  မြစ်ချောင်းအတွင်း  သင်္ဘောစီးပြီး လေ့ လာနိုင်အောင် စီ စဉ်မှာ ဖြစ်ပါတယ်'' ဟု  ဒေါ်တင့်တင့်လွင် ကပြောသည်။ 
-
ယင်းခရီးစဉ်တွင်  မော်လမြိုင်ဘက်၌   ညနေခင်းနေဝင်ချိန် မြစ်အတွင်းပြေးဆွဲခရီး စဉ်နှင့်   ညအချိန် အပန်းဖြေ ခရီးစဉ်တွင် လူကြိုက်များသော အပျော်စီးသင်္ဘောဖြင့် မင်္ဂလာပွဲကျင်းပခြင်း၊ ညစာစားပွဲ၊ ဧည့်ခံပွဲများ ကျင်းပခြင်းတို့  ဆောင်ရွက် ရန်ရှိကြောင်း၊   ထို့ပြင် မော်လမြိုင်-ဘားအံအနီးတစ်ဝိုက်ရှိ ထင်ရှားသော ဘုရားများနှင့်   အထင်ကရ နေရာ များကို အပျော်စီး သင်္ဘောခရီးစဉ်ဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန် လုပ်ဆောင်နေကြောင်းသိရသည်။ 
-
လက်ရှိတွင် အပျော်စီးသင်္ဘောခရီးစဉ် ပြေးဆွဲပေးနိုင်ရေးအတွက် လုပ်ဆောင်နေပြီး ဝန်ဆောင်မှုပေးရန် ဈေးနှုန်း သတ်မှတ် ရခြင်း မရှိသေးကြောင်း သိရသည်။ 
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger