www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 6, 2018

ကလေးစာပေ ပွဲတော်(ပုသိမ်) နောက်ဆုံးနေ့တွင် အထူးစည်ကား

ကလေးစာပေ ပွဲတော်(ပုသိမ်) နောက်ဆုံးနေ့တွင် အထူးစည်ကား
-
ပုသိမ်   နိုဝင်ဘာ   ၅
-
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ နိုဝင်ဘာ ၃ ရက်မှ စတင်ကျင်းပ လျက်ရှိသော ကလေးစာပေပွဲတော်၊ ကလေး စာပေပြပွဲနှင့်   စာအုပ်ဈေးရောင်းပွဲတော် နောက်ဆုံးနေ့ကို ယနေ့တွင် ပုသိမ်တက္ကသိုလ်၌ ဆက်လက်ကျင်းပရာ  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လာရောက် လေ့လာသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။
-
အဆိုပါပွဲတော်တွင်  ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များနှင့် နည်းပညာ တက္ကသိုလ်တို့မှ ဖွင့်လှစ်ပြသ ထားသည့် ပြခန်းများနှင့် မြေညီထပ်၌ ပြသထားသည့် စာအုပ်စာပေများ/ ဆရာကြီး မင်းသုဝဏ်နှင့် ဆရာကြီးတင်မိုးတို့၏ ကလေးကဗျာများ ကို လာရောက်ဖတ်ရှုသူများ၊ ကလေးစာဖတ်ခန်း ၌ စာပေဖတ်ရှုသူများ၊ ထူးခြားစွာပြသထားသည့် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း ၌လည်း လာရောက် ကြည့်ရှု လေ့လာသူများဖြင့် အထူးစည်ကားခဲ့သည်။
-
ကလေးစာပေပွဲတော်နောက်ဆုံးနေ့တွင်  ဘောလုံးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ကလေးစာပေ ပွဲတော်လာရောက်သည့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကျောင်းပေါင်းစုံမှကလေးငယ်များနှင့်  Team Building၊ Science Fair ၊ အရုပ် ဆက်ကစားခြင်း၊  စကားပုံ ဆက်ကစားခြင်း၊  အိမ်ဆောက်ကစားနည်းများတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲသူ ကလေးငယ်များဖြင့် စည်ကားခဲ့သည်။
-
ကလေးစာပေပွဲတော် နောက်ဆုံးနေ့တွင် မျက်လှည့်ပြပွဲ၊ ရုပ်သေးပြပွဲ၊ ရိုးရာဆင်အက၊ ခြင်းအလှခတ် ကစားခြင်းတို့ အပြင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ပုဂ္ဂလိကပညာရေး ကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူလေး များက အကအလှ တို့ဖြင့် သီဆိုဖျော်ဖြေမှုနှင့် အတူ တေးသံရှင် များကလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
-
သီသီမင်း၊ မင်းသစ်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger