www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 24, 2018

လေးနှစ်တာ ကာလအတွင်း ဇီဝအဝန်းနယ်မြေများရှိ စိုက်ပျိုးရေး လုပ်ငန်းများ၌ ဓာတုဆေးဝါး သုံးစွဲမှု ဧကများစွာ လျှော့ချပေးနိုင်



ရန်ကုန် ၂၄-၉-၂ဝ၁၈

လေးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ ဇီဝအဝန်း နယ်မြေများရှိ စိုက်ပျိုးရေး လုပ်ငန်းများ၌ ဓာတုဆေးဝါး သုံးစွဲမှု ဧကများစွာ လျှော့ချပေးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ ဇီဝအဝန်းနယ်မြေများ ဖြစ်သော အင်းတော်ကြီးအိုင်ဒေသ၊ အင်းလေးကန်ဒေသနှင့် ရိဒ်ရေကန်ဒေသတို့ရှိ လယ်ယာမြေများ၌ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး သုံးစွဲမှုများကို တားမြစ်ခြင်းနှင့် လျှော့ချခြင်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ အင်းလေးကန်ဒေသ၌လည်း ကျွန်းမျောစိုက်ခင်းများတွင် ဓာတ်မြေသြဇာများ သုံးစွဲမှုကြောင့် ရေကန်အတွင်းရှိ သောက်သုံးရေများ သုံးစွဲမရသည့် အခြေအနေများ ရှိခဲ့ကြောင်း၊ ယင်းအတွက် ဓာတ်မြေသြဇာသုံးစွဲမှုနှင့် ပိုးသတ်ဆေးသုံးစွဲမှုများကို လျှော့ချထားပြီး လာမည့်နှစ်အတွင်း ဧကပေါင်း ၅ဝ အထိ လျှော့ချ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ အသုံးပြုသဖြင့် မြစ်ချောင်း၊ မြောင်းနှင့် ကန်များအတွင်းသို့ ယင်းဓာတုဆေးဝါး အသုံးပြုရေများ ဝင်ရောက်၍ သဘာဝသယံဇာတများ၊ ငါးမျိုးစိတ်များနှင့် ရေနေသတ္တဝါများ သေကျေပျက်စီးနိုင်ခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ၌ ဓာတုဆေးဝါးများ အသုံးပြုမှု လျှော့ချခြင်းဖြစ်သည်။ 

လက်ရှိတွင် ရိဒ်ရေကန်အနီးရှိ လယ်ယာမြေများ၌လည်း ဓာတုဆေးဝါးများ အသုံးပြုစိုက်ပျိုးခြင်းကို ယခုနှစ် မေလအတွင်းက စတင်တားမြစ်ခဲ့ပြီး သဘာဝ အတိုင်းသာ စိုက်ပျိုးထုတ်လုပ်ကြောင်း သိရသည်။

ထို့ပြင် အင်းတော်ကြီးအိုင်ဒေသ၌လည်း အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ကို ၂ဝ၁၆- ၂ဝ၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ခဲ့ပြီး ဧကပေါင်း ၂ဝ ကျော်တွင် စတင်စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်တွင် အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးသည့် ဧကပေါင်း ၂ဝဝ ကျော်အထိ တိုးတက်မှုရှိလာပြီး လာမည့်နှစ်များတွင် ဧကအရေအတွက် ပိုမိုတိုးချဲ့မည်ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger