လားရှိုး ၃-၈-၂ဝ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်ရှိ ဆည်ကြီးများတွင် စိုးရိမ်ရေမှတ်နီးနေပြီး ဆည်များ ကျိုးပေါက်၍ ရေကြီးရေလျှံမှုများ ဖြစ်နိုင်သည်ဟု ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း လားရှိုးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
လားရှိုးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ဆည်များ ကျိုးပေါက်နိုင်သည်ဟု ပြည်သူများ ထင်နေခြင်းမှာ မဟုတ်မှန်ကြောင်း လားရှိုးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မင်းစိုးက ပြောပြသည်။
"ကျွန်တော်တို့ ဆည်တွေမှာရှိတဲ့ ဆည်ရေပြည့်မှတ် ရောက်ဖို့ အနည်းငယ်လိုနေတာ ဖြစ်ပါတယ်။ စိုးရိမ်မှတ်ဆိုတာ မဟုတ်ပါဘူး။ ရေပြည့်မှတ်ကိုကျော် လာရင်တောင်မှ ရေပိုလွှဲစနစ်နဲ့ ချောင်းထဲကိုပြန် ဝင်မှာဖြစ်ပါတယ်။ ဆည်ကျိုးပေါက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"ဟု ၎င်းက ဆက်လက်ပြောပြသည်။
ယခင်နှစ်များက လားရှိုးမြို့၌ နွေကာလရေ ရှားပါးခြင်းကြောင့် ဟူးမွန်ဆည်ကို တည်ဆောက်ခဲ့ပြီး ဟူးမွန်ဆည်နေရာတွင် ရေဝပ်ဧရိယာ နည်းပါးခြင်းကြောင့် ကောက်ကွေ့ဆည်ကို ထပ်မံတည်ဆောက်ရာ အဆိုပါဆည်သည် မြို့၏ရေပေးဝေရေးနှင့် စိုက်ပျိုးရေးပါ အဓိက အားထားရသော ဆည်ဖြစ်ကြောင်း သိရသည်။
ကောက်ကွေ့ဆည်သည် အလျား ပေ ၁ဝ၈ဝနှင့် အမြင့် ၁၁၆ပေရှိကာ ဆည်ရေပြည့်မှတ်မှာ ပေ၂၇၃ဝဖြစ်ပြီး လက်ရှိတွင် ၂၇၂၉ပေရှိခြင်းကြောင့် တစ်ပေခန့်လိုသေးကြောင်း သိရသည်။ ဟူးမွန်ဆည်မှာ ရေပြည့်မှတ်ရောက်ရှိနေပြီး နမ့်ကျန်ဆည်မှာလည်း ရေပြည့်မှတ်ရောက်ရန် တစ်ပေခွဲခန့်လိုသေးကာ ဟူးမွန်ဆည်ရေထိန်းမျှော်စင်တွင် ရေအမြင့် အလိုအလျောက်တိုင်းတာ သည့်စက် တပ်ဆင်ထားကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment