www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 6, 2018

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆင့်မြှင့်တင်ရန် Terminal-2 မှ လေကြောင်းလိုင်းအားလုံး Terminal-1 သို့ ခေတ္တပြောင်းရွှေ့ရမည်



ရန်ကုန် ၆-၇-၂ဝ၁၈

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ Terminal-2 မှ လေကြောင်းလိုင်းအားလုံး Terminal-1 သို့ ခေတ္တပြောင်းရွှေ့ ရမည်ဖြစ်ကြောင်း Yangon Aerodrome Company Ltd. (YACL) Chief Operating Officer Mr. Jose Angeja ထံမှ သိရသည်။

ယခုကဲ့သို့ ပြောင်းရွှေ့ရခြင်းသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ယင်းလုပ်ငန်းစဉ်များတွင် ပါဝင်သော Terminal-1 နှင့် Terminal-2 တို့ကို ချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် အတွက်ဖြစ်ကြောင်း၊ ချိတ်ဆက်ခြင်း လုပ်ငန်းများကို အပြီးသတ်လုပ်ဆောင်ရန် Terminal-2 ရှိ လေဆိပ်ရုံးခန်းများနှင့် လေကြောင်းလိုင်းများကို ခေတ္တရွှေ့ပြောင်း ခြင်းသာဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နိုင်ငံတကာ အဆင့်မီလေဆိပ် တစ်ခုဖြစ်လာစေရေး အဆင့်မြှင့်တင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က နိုင်ငံတကာအဆင့်မီ လေဆိပ်ဖြစ်တာနဲ့အညီ ခရီးသွားပြည်သူတွေကို ဝန်ဆောင်မှုကောင်း တွေပေးနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင် ပေးနေတာပါ။ နိုင်ငံရဲ့အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက် တစ်ခုဖြစ်တာကြောင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေကို မဖြစ်မနေလုပ်ဖို့ လိုအပ်ပါတယ်။ စီမံကိန်းကာလကို မူလခွင့်ပြု ပေးထားတာက ၃၆ လပါ။ လုပ်ငန်းစဉ်တွေ ကျန်ရှိနေတာကြောင့် ၁၈ လထပ်တိုးတောင်းပြီး လုပ်ဆောင် နေပါတယ်'' ဟု Mr.Jose Angeja ကပြောသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွင် Terminal နှစ်ခုကို ချိတ်ဆက်ဆောင်ရွက် ခြင်းလုပ်ငန်း အပါအဝင် လက်ရှိလေယာဉ် ပြေးလမ်း တိုးချဲ့ခြင်း၊ လေယာဉ်ရပ်နားနေရာ တိုးချဲ့ခြင်း၊ Cargo အဆောက်အအုံ တိုးချဲ့ခြင်း၊ VIP/CIP Terminal အသစ်တည်ဆောက် ခြင်းနှင့် Terminal-2 အဆင့်မြှင့်တင်ရန် နည်းလမ်းရှာဖွေခြင်း စသည့်လုပ်ငန်းများ ပါဝင်ကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ၂ဝ၁၆ ခုနှစ်က ခရီးသွားဦးရေ ၅ ဒသမ ၄၅ သန်းနှင့် ၂ဝ၁၇ ခုနှစ်က ခရီးသွားဦးရေ ၅ ဒသမ ၉၂ သန်းကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း၊ ယင်းအတွက် နောက်ပိုင်းနှစ်များအတွင်း ခရီးသွားဦးရေ တိုးတက် လာသည်နှင့်အမျှ လေဆိပ်ကို တိုးချဲ့ရန်လိုအပ် လာသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger