www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 23, 2018

ကျောက်မီးသွေး စွမ်းအင်သုံးဘိလပ်မြေ စက်ရုံတည်ဆောက်နေမှုကို ကန့်ကွက်သည့် ဒေသခံတစ်ဦး ဖမ်းဆီးမှုကို ဒေသခံများမကျေနပ်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့ စုဝေးမှုဖြစ်



မန္တလေး ၂၃-၇-၂​ဝ၁၈

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာ အုပ်စုအောင်သပြေ ကျေးရွာအနီး မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုကို ကန့်ကွက်သည့် ဒေသခံတစ်ဦးကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးမှုအပေါ် မကျေနပ်၍ ညနေပိုင်းတွင် ဒေသခံဦးရေ ၅ဝ ခန့်က ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် စုဝေးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"ဖမ်းမှာဆို တစ်ရွာလုံးဖမ်း ကိုယ့်ခြံကို ဝင်းခတ်တာ ဖမ်းစရာလား။ အပြစ်မရှိဘဲ ဖမ်းဆီးတာ ဥပဒေမဲ့ လုပ်ရပ်ပါ။ ဒီကိစ္စကို မကျေနပ်လို့ ဖမ်းဆီးထားသူကို ပြန်လွှတ်ပေးဖို့ စခန်းရှေ့မှာ စုဝေးတောင်းဆိုတာပါ။ ကုမ္ပဏီက သစ်ပင်တွေ ခုတ်၊ ဆည်မြောင်းပေါင်ပိတ်ပြီး လမ်းလုပ်တာကျ မမြင်ချင်ယောင် ဆောင်နေတယ်။ ဘာမှအရေးမယူကြဘူး" ဟု အောင်သပြေကျေးရွာဒေသခံ ဦးရွှေအုန်းက ပြောပြသည်။

ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးရှေ့တွင် ဒေသခံ တောင်သူဦးရေ ၅ဝ ခန့်စုဝေး၍ ဖမ်းဆီးထားသူကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လေထုညစ်ညမ်းမှု စသည့် အချက်များကြောင့် ဒေသခံများက တည်ဆောက်ခွင့်မပြုရန် ကန့်ကွက် နေခြင်းဖြစ်ပြီး အဆိုပါ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံအဝင်လမ်းအတွက် ရွာအဝင်လမ်းရှိ ကျွန်းပင် ၃၇ဝ ကျော်နှင့် အခြားအပင် ၇ဝဝကျော် ခုတ်လှဲဖျက်ဆီး ခြင်းများရှိကြောင်း ဒေသခံများက ပြောပြသည်။

ပုသိမ်ကြီးမြို့နယ် ဒဟတ္တော ကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီး ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက် ခွင့်မပြုရန် ဒေသခံများက ၂ဝ၁၄ ခုနှစ်မှစတင်၍ သက်ဆိုင်ရာ အဆင့်ဆင့်သို့ တိုင်စာများနှင့် ကန့်ကွက်စာများကို အကြိမ်ကြိမ်တင်ပြ ခဲ့သော်လည်း ယနေ့ထိ ဖြေရှင်းဆောင်ရွက်ပေးခဲ့ခြင်း မရှိခဲ့သောကြောင့် ယခုကဲ့သို့ ပြဿနာများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger