www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 26, 2018

အောင်မြေမန္တလာ တန်ဖိုးမျှတ အိမ်ရာများ တည်ဆောက်မည်


တည်ဆောက်ပြီးစီးနေသည့် အောင်မြေမန္တလာနိုင်ငံ့ ဝန်ထမ်းအိမ်ရာ တိုက်ခန်းများကို တွေ့ရစဉ်။

မန္တလေး ၂၆-၆-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဦးစီးဌာနက Pilot Project အနေဖြင့် နိုင်ငံတော်၏ မတည်ငွေမပါဘဲ ဘဏ်နှင့်ဝယ်ယူသူ၏ စုဆောင်းငွေဖြင့် အောင်မြေမန္တလာ တန်ဖိုးမျှတ အိမ်ရာတိုက်ခန်း ၅၄ဝကို ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာ အနီးတွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောပြ၍ သိရသည်။

အဆိုပါတိုက်ခန်းများမှာ တစ်ခန်းလျှင် စတုရန်းပေ ၇၄ဝ အကျယ်အဝန်းရှိပြီး လေးခန်းတွဲ ငါးထပ်တိုက် ၂၇လုံး စုစုပေါင်းတိုက်ခန်း ၅၄ဝ ပါဝင်ကာ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID BANK) က ရင်းနှီးမြှုပ်နှံငွေကျပ် ၇ဝ ရာခိုင်နှုန်းနှင့် အဆိုပါဘဏ်တွင် အိမ်ရာဝယ်ယူရန် ငွေစုဆောင်းထားသူများ ထံမှ ၃ဝ ရာခိုင်နှုန်းဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ဌာနက အောင်မြေမန္တလာ တန်ဖိုးမျှတအိမ်ရာ တည်ဆောက်ဖို့ အတွက် Master Plan တွေနဲ့ အခန်းဒီဇိုင်း ရေးဆွဲပြီးပါပြီ။ တစ်ခန်းကို ဘယ်လောက် ကျမလဲဆိုတဲ့ အနီးစပ်ဆုံးခန့်မှန်း ငွေတန်ဖိုးလဲ တွက်ချက်ပြီးသွားပြီ။ ဒါပေမဲ့ တချို့သော ငွေပမာဏက ပြောင်းလဲမှုရှိနိုင်တယ်။ အခုစီစဉ်ထားတာက CHID ဘဏ်ကိုရင်းနှီး မြှုပ်နှံမှု စိုက်ထုတ်ခိုင်းမယ်။ ကန်ထရိုက်ကိုတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားတဲ့အတိုင်း ရွေးချယ်မယ်။တည်ဆောက် ဖို့အတွက် ကျွန်တော်တို့ ဌာနအနေနဲ့ စီစဉ်ပြီးဖြစ်ပေမယ့် ဝန်ကြီးချုပ်နဲ့ ကျွန်တော်တို့ဝန်ကြီးကို တင်ပြရဦးမယ်။ သူတို့ ရဲ့ညွှန်ကြားချက်နဲ့ ဒီထက်ကောင်းတဲ့ အနေအထားရှိရင်လဲ ပြောင်းလဲမှု ရှိနိုင်ပါတယ်။

အခုဆောင်ရွက်တဲ့ Pilot Project အိမ်ရာ စီမံကိန်းအောင်မြင်သွားရင် ထပ်မံပြီးအိမ်ရာ တွေကိုတည်ဆောက် ပေးသွားမှာပါ"ဟု ၎င်းက ပြောပြသည်။

ယခုတည်ဆောက်မည့် အောင်မြေမန္တလာ တန်ဖိုးမျှတအိမ်ရာတွင် ကားပါကင်များ၊ ကွန်ကရစ်လမ်းများ ပါဝင်မည်ဖြစ်ပြီး CHID ဘဏ်တွင် အိမ်ရာဝယ်ယူရန် ငွေစုဆောင်း ထားသူများကို အဓိကဦးစားပေး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာအနီး ယခုတည်ဆောက်မည့် အောင်မြေ မန္တလာတန်ဖိုးမျှတ အိမ်ရာအနီးတွင် တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်နေသည့် အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်း အိမ်ရာတိုက်ခန်း ၂၆ဝ မှာ လက်ရှိအချိန်တွင် တည်ဆောက်ပြီးစီး နေပြီဖြစ်သောကြောင့် မကြာမီ နေရာချထားပေး နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger