www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 11, 2018

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ လောကနန္ဒာ စွယ်တော်မြတ် စေတီတော်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင် လှူပူဇော်ပွဲ အထူးစည်ကား



ပုဂံ ၁၁-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ် တော်မူခဲ့သော စွယ်တော်လေးဆူအနက် တစ်ဆူအပါအဝင် ဖြစ်သည့် ပုဂံမြို့သစ်ရှိ လောကနန္ဒာစွယ်တော် မြတ်စေတီတော်ကြီးကို ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ ဖူးမြော်ကြည်ညို နိုင်ရန်အတွက် စေတီတော်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီက လောကနန္ဒာစွယ်တော် မြတ်စေတီတော်ကြီး ရင်ပြင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ခရိုင်၊မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ လောကနန္ဒာ စွယ်တော်မြတ် စေတီတော်ကြီးမှ ဘုရားဂေါပကဥက္ကဋ္ဌ ဦးချစ်စိန်နှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများက နမောတဿသုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ကြပြီး သီတဂူဆရာတော် အရှင်ဥာဏိဿရထံမှ ကိုးပါးသီလခံယူ ဆောက်တည် ကြသည်။

ထို့နောက် သီတဂူဆရာတော် အရှင်ဥာဏိဿရနှင့် ဆရာတော်၊သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ်ကြပြီး အလှူရှင်များက ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်နှင့် ပရိတ်ပန်းတို့ကို လောကနန္ဒာ စွယ်တော်မြတ် စေတီတော်ကြီးကို လက်ယာရစ် လှည့်လည်ပူဇော် ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်တို့က ဆရာတော်ကြီးများထံ သာသနာရေး ဆိုင်ရာများ လျှောက်ထားကြပြီး စေတီတော်ကြီးကို တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများ ကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ရဲမြင့်နှင့်ဇနီးတို့က ရတနာငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း သီတဂူဆရာတော် အရှင်ဥာဏိဿရထံ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် အမျှအတန်း ပေးဝေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တာဝန်ရှိသူ များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့ကို စေတီတော်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ကြပြီး ရတနာပန်းရထားဖြင့် တင်လှူပူဇော် ခဲ့ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger