www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 17, 2018

လင်းဇင်းကုန်း သုသာန်ဟောင်းတွင် ထိုင်းဘုရင်ဟောင်း အရိုးအိုးဟု ယူဆရသော အရိုးအိုးကို ပြန်လည်ထားရှိခြင်း လုပ်ငန်းများပြုလုပ်ရန် သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းလျက်ရှိဟုဆို



မန္တလေး ၁၇-၅-၂ဝ၁၈

မန္တလေး အမရပူရမြို့နယ် တောင်သမန် တံတားအနီး လင်းဇင်းကုန်းသုသာန် ဟောင်းအတွင်းရှိ ပြုပြင်ဆဲ စေတီတော်မှာ ဌာပနာသွင်းရန် ကျန်ရှိတော့သဖြင့် ၎င်းစေတီတော်ကို ဌာပနာသွင်းပွဲနှင့် ထိုင်းဘုရင်ဟောင်း ဥဒုမ္ဗရ၏ အရိုးအိုးဟု ယူဆရသော အရိုးအိုးကို ပြန်လည်ထားရှိခြင်းနှင့် တိမ်းစောင်းနေသည့် မင်္ဂလာတိုင်ကို ပြန်လည်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီး ဌာနနှင့်လက်ရှိတွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်ထံမှ သိရသည်။

အဆိုပါ လင်းဇင်းကုန်း သုသာန်ဟောင်းမှ တူးဖော်တွေ့ရှိရသည့် အရိုးအိုးကို ထိုင်းဘုရင်ဟောင်း အရိုးဟုတ်၊မဟုတ် သမိုင်းအထောက် အထားများနှင့်တကွ သုတေသန ပြုလုပ်ရန် လက်ရှိမန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်က သမိုင်းပညာရှင်များ၊ ရှေးဟောင်းသုတေသန၊ သာသနာရေး၊ မြို့မိ မြို့ဖ၊ထွေ/အုပ်၊ စည်ပင်သာယာရေး ကော်မတီစသည့် ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ၂ဝ၁၆ ခုနှစ် မေ ၁၂ ရက်တွင် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယင်းအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂ဝ၁၆ခုနှစ် မေ ၃၁ ရက်မှစပြီး လင်းဇင်းကုန်း သုသာန်ဟောင်းတွင် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေခြင်းများကို ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"အလယ်က စေတီတော်က ဌာပနသွင်းဖို့ပဲ ကျန်တော့တယ်။ အဲဒါကို ဌာပနာသွင်းပွဲ လုပ်မယ်။ ဒုတိယက ဥဒုမ္ဗရရဲ့ အရိုးအိုးလို့ ပြောတဲ့ ကောင်းမှုတော် ပုံစေတီထဲက အရိုးအိုးကို ကျွန်တော်တို့က ဖောက်ယူထားတာ၊ သေချာစနစ် တကျမြှုပ်နှံခဲ့တဲ့ အရိုးအိုးတစ်ခုကို အပြင်ထုတ်ထားတယ်ဆိုတာ မူလပိုင်ရှင် ကြိုက်ချင်မှ ကြိုက်မယ်။ အဲဒါကြောင့် ဒီအရိုးအိုးက ဥဒုမ္ဗရ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူမူလရတဲ့ စေတီတော်ထဲမှာပြန်ထည့်ပြီးတော့ ဒီစေတီတော်ကို လက်စသတ်မယ်။ တတိယကတော့ စေတီတော်ရဲ့အနောက်ဘက်မှာ မင်္ဂလာတိုင်လို့ခေါ်တဲ့ အုတ်နဲ့လုပ်ထားတဲ့ တိုင်ကြီးရှိတယ်။ အရင်တုန်းက တည့်တည်မတ်မတ်ပဲ ရာသီဥတုဒဏ်ကြောင့် အခုစောင်းနေပြီ။ ရေရှည်ဆို ဒါကြီးတစ်ခုလုံး လဲသွားနိုင်တဲ့အတွက် ကျွန်တော်တို့က အဲဟာကို ခြောက်ပေပတ်လည်တိုင် လေးတွေနဲ့ ထောက်ထားပြီး ပထမဦးစာပေးအနေနဲ့ စပြင်မယ်။အဲဒါပြင်ပြီးရင် စေတီတော်ဌာပနာပိတ်မယ်။ စေတီတော် ဌာပနာပိတ်ပြီးရင် တူးထုတ်ထားတဲ့ အရိုးအိုးကို သူ့နေရာသူ ပြန်ထားမယ်။ အဲသုံးခုကတော့ ရှေ့လာမယ့် တစ်လ၊နှစ်လ အတွင်းမှာ စတင်ပြုလုပ်သွားမယ်။ အခုရှေးဟောင်း သုတေသနနဲ့ ညှိတဲ့အခါမှ ခွင့်ပြုပေးဖို့ အခြေအနေရှိပါတယ်။ ရှေးဟောင်း သုတေသနက သဘောတူရင် ဒါတွေအကုန်လုံးလုပ်သွားမယ်"ဟု မြန်မာဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်က ပြောပြသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger