စစ်တွေ ၃၁-၅-၂ဝ၁၈
စစ်တွေ-အမ်း ကားလမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ယာဉ်အစီးရေ ၁ဝဝ ကျော်ထိ ပိတ်မိနေကြောင်း အဆိုပါ ကားလမ်းတွင် ပြေးဆွဲနေသည့် အဝေးပြေး ကုန်တင်ယာဉ် မောင်းများထံမှ သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမှအမ်းသို့ သွားရာလမ်းမတွင် မေ ၂၉ ရက်မှစတင်၍ သည်းထန်စွာ ရွာသွန်းခဲ့သည့် မိုးကြောင့် ယနေ့နံနက်ပိုင်းတွင် လမ်းများချော်နေပြီး ကားများသွားလာရန် ခက်ခဲနေကြောင်း မန္တလေး-စစ်တွေ ပြေးဆွဲ နေသည့် အဝေးပြေးကုန်တင် ယာဉ်လိုင်းပိုင်ရှင် ဦးသိန်းထွန်းက ပြောပြသည်။
"မီးလောင်ချောင်းနားမှာ အခုလမ်းချော်နေပြီး ဆက်သွားလို့ မရတော့ တစ်စီးပြီးတစ်စီး သွားလို့ရအောင် လုပ်နေရတယ် ကားကြီးသမားတွေဆို ပိုဆိုးတယ်။ သွားလို့ကိုမရဘူး။ အဓိကကတော့ မိုးများလို့ပဲ ပြောရမှာပါ။ ကျွန်တော်တို့ကတော့ စောင့်နေတုန်းပဲ ကုန်ကလဲတင် လာတာမို့ပါ"ဟု ၎င်းကဆက်လက် ပြောပြသည်။
မုန်တိုင်းဖြစ်ပွားသည့် အရှိန်ကြောင့်မိုးများပြီး စစ်တွေ-အမ်းလမ်းမကြီးပေါ်တွင် အမ်းမြို့မှ အထွက် ၆ မိုင် မီးလောင်ချောင်း ကျေးရွာအနီးတွင် လမ်းချော်လျက်ရှိရာ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ် ၁ဝဝကျော်သည် နံနက်ပိုင်းမှစတင်၍ သွားလာရန် ခက်ခဲနေကြောင်း သိရသည်။
"ကျွန်တော်တို့ စစ်တွေက အစောကြီးထွက်လာခဲ့တဲ့ ယာဉ်အားလုံး အခုချိန်ထိ အမ်းမြို့ထဲကို မဝင်နိုင်သေးဘူး"ဟု ယာဉ်မောင်း ကိုဇော်မင်းဦးက ပြောပြသည်။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အနှံ့ မိုးရွာသွန်းနေပြီး ကျောက်ဖြူ၊ မာန်အောင်စသည့် မြို့များတွင် လေပြင်းတိုက်ခတ် ခဲ့မှုများရှိခဲ့ကြောင်း သိရသည်။
အင်အား အသင့်အတင့် ရှိသော မုန်တိုင်းငယ်သည် မေ ၂၉ရက်ညပိုင်းတွင် အမ်းမြို့နားမှ တစ်ဆင့် ဖြတ်ကျော် ဝင်ရောက်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment