www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 3, 2018

သင်္ကြန်အပြီး ရန်ကုန်ရွှေဈေးကွက် အရောင်းအဝယ် ကောင်းသော်လည်း လက်ရှိတွင် အရောင်းအဝယ် ပြန်အေးလျက်ရှိ



ရန်ကုန် ၃-၅-၂ဝ၁၈

လက်ရှိတွင် ရန်ကုန်ရွှေဈေးကွက်မှာ အရောင်းအဝယ် ပြန်အေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်ထံမှ သိရသည်။

''မေလထဲမှာလည်း ဒီအတိုင်းပဲ ရွှေအရောင်းအဝယ်က အေးနေမှာပါ'' ဟု ဦးဝင်းမြင့်က ပြောသည်။ ရွှေဈေးကွက်တွင် သင်္ကြန်မတိုင်မီနှင့် သင်္ကြန်အပြီး ရက်ပိုင်းအတွင်း အရောင်းအဝယ် ကောင်းခဲ့သော်လည်း ဧပြီလကုန်ပိုင်းမှစ၍ အရောင်းအဝယ် ပြန်လည်အေးလာကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး ကျဆင်းမှုကြောင့် ရွှေဈေးနှုန်းများ အနည်းငယ်ပြန်လည် ကျဆင်းနေသည်။ ''ဇွန်လနောက်ပိုင်းတော့ ဈေးပြန် တက်နိုင်ပါတယ်။ ဒီရက်ပိုင်းက ဈေးလည်းကျတယ်။ ကမ္ဘာ့ရွှေဈေးက ဖြည်းဖြည်း ချင်းကျဆင်းနေသလို မြန်မာ့ရွှေဈေးကလည်း လိုက်ပါ ကျဆင်းနေပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ တွဲဖက်ပြန်ကြား ရေးမှူး ဦးအေးချိုက ပြောသည်။

ထို့ပြင် ဇွန်လအထိ မြန်မာ့ရွှေဈေးမှာ ငွေကျပ်ကိုးသိန်းခွဲကို ကျော်လွန်ဦးမည့် အခြေအနေ မရှိနိုင်ကြောင်း သိရသည်။ ''ကမ္ဘာ့ရွှေဈေး တက်၊ မတက်နဲ့ ငွေကြေးလဲလှယ်နှုန်း အခြေအနေတွေကို သုံးသပ်ပြီး မြန်မာ့ရွှေဈေးရဲ့ အလားအလာကို ခန့်မှန်းကြပါတယ်။ ဒီလို ခန့်မှန်းချက်တွေ အရ ဇွန်လလောက်အထိ မြန်မာ့ရွှေဈေးကွက် အေးမယ့် အခြေအနေလို့ ယူဆနိုင်ပါတယ်'' ဟု ဦးအေးချိုက ပြောသည်။

ရန်ကုန်ရွှေဈေးကွက်တွင် အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ဧပြီ ၃ဝ ရက်က ငွေကျပ် ၉၄၃၄ဝဝ ရှိခဲ့ရာမှ ယမန်နေ့က ငွေကျပ် ၉၄၁၈ဝဝ သို့ အနည်းငယ်ကျဆင်း လာသည်။ ကမ္ဘာ့ရွှေဈေးမှာ ဧပြီ ၃ဝ ရက်က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၂၁ ဒေါ်လာမှ ယမန်နေ့က အမေရိကန်ဒေါ်လာ ၁၃၁၁ ဒေါ်လာသို့ ကျဆင်းလာခဲ့သည်။ မိုးတွင်းကာလတွင် ရွှေဈေးကွက်အတွင်း ဈေးတက်နိုင်ပြီး ယခုအခါ အရောင်းအဝယ် အေးနေကြောင်း ရွှေကုန်သည်များက ခန့်မှန်းထားသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger