www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 8, 2018

စစ်ကိုင်းမြို့တွင် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ပုဂ္ဂလိကယာဉ်ရပ်နားစခန်း ဖွင့်လှစ်ဆောင်ရွက်နေ



စစ်ကိုင်း ၈-၃-၂ဝ၁၈

စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီး၏ အရှေ့ဘက် မန္တလေး-စစ်ကိုင်း-ရွှေဘို-မုံရွာအဝေးပြေး လမ်းမကြီးဘေးတွင် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ပုဂ္ဂလိက ယာဉ်ရပ်နားစခန်း ဖွင့်လှစ်ဆောင်ရွက် နေကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပြသည်။

စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်နေသည့် ပုဂ္ဂလိကယာဉ်ရပ်နား စခန်းမှာ စစ်ကိုင်းမြို့ ဆွမ်းချက်ရပ်အနီးရှိမြေ ရှစ်ဧကခန့်ပေါ်တွင် လွန်ခဲ့သည့် ငါးလခန့်က စတင်ဖွင့်လှစ်၍ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း၊ ထိုသို့ခွင့်ပြုချက်မရှိဘဲ ပုဂ္ဂလိက ယာဉ်ရပ်နားစခန်း ပြုလုပ်ဆောင်ရွက် နေမှုကိုမတ် ၂ ရက် ညနေပိုင်းက စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

''ကောင်းမှုတော် ဘုရားရဲ့ အရှေ့ဘက်ဆွမ်းချက်ရပ်၊ ပုဂံရပ်အနီး မြို့ရှောင်လမ်းဘေးမှာ လက်ရှိ ပုဂ္ဂလိကယာဉ်ရပ်နား စခန်းဖွင့်လှစ်ပြီးတော့ ဆောင်ရွက်နေတာ တွေ့ရှိရတဲ့အတွက် ကျွန်တော်တို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ပါတယ်။ ဆောင်ရွက်တဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်ကို မေးကြည့်တဲ့အခါ လေး၊ငါးလလောက် ရှိနေပြီလို့ ပြောပါတယ်။ သူတို့က ရန်ကုန်က လာတဲ့ကားတွေ၊ မန္တလေးကလာတဲ့ ကားကြီးတွေဖြစ်တဲ့ ၁ဝဘီး၊ ၁၂ဘီးကားတွေ စစ်ကိုင်းမှာအေးချမ်းစွာ ရပ်နားနိုင်တဲ့ နေရာမရှိတဲ့အတွက် ဆောင်ရွက်တာ ဖြစ်တယ်လို့ သူတို့ ကျွန်တော်ကို တင်ပြတယ်။ ကျွန်တော်တို့ စည်ပင်သာယာရေး ဥပဒေမှာ ဒီလိုမျိုးပုဂ္ဂလိက ယာဉ်ရပ်နားစခန်း ခွင့်ပြုတာမရှိပါဘူး။ ခွင့်ပြုခွင့်လဲ မပေးပါဘူး။ အဲဒါမျိုးဆောင်ရွက် မယ်ဆို တရားဝင်ဖြစ်အောင် ကော်မတီကို လာတင်ပြပြီးတာ့ ခွင့်ပြုမိန့်ယူမှသာလျှင် ဆောင်ရွက်ဖို့ ကျွန်တော်တို့ ဌာနကိုလာပြီး ညှိနှိုင်းဆွေးနွေးဖို့ စီစဉ်နေပါတယ်''ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပြသည်။

စစ်ကိုင်းမြို့တွင် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကြီးကြပ်ဆောင်ရွက် နေသည့် စိန်ကုန်းရပ်ကွက်ရှိ စစ်ကိုင်းကားကြီးကွင်း ယာဉ်ရပ်နားစခန်း တစ်ခုသာရှိကြောင်း၊ ယခုအခါတွင် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ပုဂ္ဂလိက ယာဉ်ရပ်နားစခန်း ဖွင့်လှစ်ဆောင်ရွက် နေမှုကို တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ဆောင်ရွက်ရန်အတွက် လုပ်ငန်းရှင်များကို စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေး ကော်မတီဌာနတွင် ခေါ်ယူ၍ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger