မန္တလေး ၆-၂-၂ဝ၁၈
တောင်သမန်တံတားတွင် ဟောင်းနွမ်းဆွေးမြည့် နေသည့်ဇရပ်ကို ပြုပြင်မွမ်းမံနေပြီး ပျမ်းမျှတိုင်အလုံး ၃ဝ ကျော်ကို ဧပြီလမတိုင်မီ လဲလှယ်သွားရန် လျာထားကြောင်း တောင်မင်းကြီးဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသန်းမြင့်ထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ရှေးဟောင်း သမိုင်းဝင်အမွေနှစ်များ စွာရှိသည့်အနက် မန္တလေးမြို့ရှိ နှစ်ပေါင်း ၁၆ဝ ကျော်သက်တမ်းကြာမြင့် ပြီဖြစ်သည့် တောင်သမန်တံတားကြီး မှာလည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ၎င်းတံတားကြီးမှာ နေဒဏ်၊ မိုးဒဏ်၊ လေဒဏ်တို့ကြောင့် ယခုလက်ရှိမှာ ဇရပ်တစ်ဆောင်သည် ဟောင်းနွမ်းဆွေးမြည့်နေသည့်အတွက် ပြုပြင်မွမ်းမံမှုများကို ရှေးဟောင်းသုတေသန နှင့်အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) က ဦးစီး၍ ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အလားတူ တောင်သမန် တံတားကြီးတွင် ဇရပ်များအပြင် ယခုလက်ရှိတံတား အနောက်ဘက်ခြမ်းနှင့် အလယ်ပိုင်းရှိ ပျမ်းမျှတိုင် အလုံး ၃ဝ ကျော်ကိုလည်း လဲလှယ်သွားရန် လျာထားကြောင်း၊ လဲလှယ်မည့်တိုင်လုံးများ ကိုလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ တံတားပြုပြင် ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းကာ ရေကျချိန်ဖြစ်သည့် ဧပြီလမတိုင်မီ လဲလှယ်သွားရန် လျာထားကြောင်း သိရသည်။
တောင်သမန်အင်း အတွင်း ယခုလက်ရှိရေကျချိန် ဧပြီလမတိုင်မီ ပျမ်းမျှတိုင်အလုံး ၃ဝ ကျော်ကို ရှေးမူမပျက် ပြန်လည်လဲလှယ်သွားမည် ဖြစ်ကြောင်း၊ ယခုလက်ရှိ တံတားတစ်လျှောက် ကြံ့ခိုင်မှုအားနည်း နေသည့်နေရာများနှင့် ဇရပ်အဆောင်တစ်ဆောင်ကို ပြန်လည်ပြုပြင် မွမ်းမံလျက်ရှိကြောင်း၊ တောင်သမန်တံတား တစ်လျှောက်တွင်လည်း ယခုလက်ရှိ တိုင်အလုံးရေ ၁ဝဝဝ ကျော်ရှိကြောင်း သိရသည်။
"တိုင်လုံးတွေလဲဖို့တော့ ရှေးဟောင်းက လျာထားတယ်။ ရေကျချိန်လဲ ရောက်ပြီဆိုတော့ ပြုပြင်ထိန်းသိမ်းဖို့ အကောင်းဆုံး အချိန်လဲ ဖြစ်ပါတယ်။ ဒါကြောင့်ရှေးဟောင်း ရဲ့ညွှန်ကြားမှုနဲ့ လုပ်ဆောင်သွားမယ်။ အဓိကကတော့တံတားကြံ့ခိုင်မှုပြည့်ဝပြီး ခရီးသွားတွေ အန္တရာယ်မဖြစ်စေဖို့ အတွက် ရည်ရွယ်ပြီး လုပ်ဆောင်ရတာပါ"ဟု တံတားပြုပြင် ထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ဦးစိုးဝင်းက ပြောပြသည်။
ယခုလက်ရှိ ခရီးသွားရာသီ ကာလကျော်လွန် လာခဲ့သည့်အတွက် တောင်သမန် တံတားကြီးသို့ အရှေ့တောင်အာရှ နိုင်ငံများအပြင် ဥရောပနိုင်ငံများမှ လာရောက်လည်ပတ်သည့် ခရီးသွားများ ယခင်ဇန်နဝါရီလက
တစ်ရက်လျှင် ဦးရေ ၈ဝဝ ကျော်လာရောက် လည်ပတ်ခဲ့သော်လည်း ယခုလက်ရှိ ဖေဖော်ဝါရီလတွင် တစ်ရက်လျှင် ဦးရေ ၃ဝဝ ကျော်သာ လာရောက်လည်ပတ်လျက် ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင်ခရီးသွား ဦးရေထက်ဝက်ခန့် လျော့ကျခဲ့ကြောင်း သိရသည်။
#Yadanarpondaily
No comments:
Post a Comment