ရန်ကုန် ၁၆-၂-၂ဝ၁၈
လယ်ယာလုပ်ငန်း လုပ်ကိုင်နေသော အမျိုးသမီးများ အတွက် ၁၂ လကြာ ရှေ့ပြေး အစီအစဉ်အဖြစ် ဘဏ္ဍာရေး အကူအညီဖြင့် ချေးငွေများ ချေးပေးမည် ဖြစ်ကြောင်း ယနေ့တွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Square ၌ ကျင်းပသော ကမ္ဘောဇဘဏ်နှင့် Action Aid တို့မှ လယ်ယာလုပ်ငန်း လုပ်ကိုင်သော အမျိုးသမီးများအတွက် ဘဏ္ဍာရေးအကူအညီ ပေးအပ်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
''ကမ္ဘောဇဘဏ်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဘဏ်လုပ်ငန်းက တစ်ဆင့် လူနေမှု ဘဝပိုမိုဖွံ့ဖြိုးတိုးတက် လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ ဝင်ငွေနည်းတဲ့ လယ်ယာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတွေကို မြေပိုင်ဆိုင်မှုပြရုံနဲ့ ချေးငွေ ထုတ်ချေးပေးဖို့ ရှေ့ပြေး အစီအစဉ်က အရင်က သူတို့တွေ လက်လှမ်းမမီခဲ့တဲ့ ငွေကြေးကို လက်လှမ်းမီလာစေဖို့ ရည်ရွယ်ပါတယ်'' ဟု ကမ္ဘောဇဘဏ်၏ ဒုတိယအမှု ဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက ပြောသည်။
တစ်နှစ် ကြာမြင့်မည့် ရှေ့ပြေးအစီအစဉ်အဖြစ် မကွေးတိုင်းဒေသကြီး ပခုက္ကူဒေသမှ လယ်ယာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး ၁၂ဝ ခန့်ကို ချေးငွေ ထုတ်ချေး ပေးမည်ဖြစ်ကြောင်း၊ ချေးငွေထုတ်ပေးရာတွင် အမျိုးသမီး တစ်ဦးလျှင် ငွေကျပ် ၁ဝ သိန်းမှ ၁၅ သိန်းအထိ ထုတ်ချေး ပေးမည်ဖြစ်ပြီး အတိုးနှုန်းမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အတိုးနှုန်းအတိုင်း ၁၃ ရာခိုင်နှုန်း အဖြစ်သတ်မှတ်၍ သက်တမ်းကာလကို တစ်နှစ်အတွင်း ပြန်လည်ပေးဆပ်ရမည် ဖြစ်ကြောင်း သိရသည်။
''အရင်က ငွေလိုအပ်တယ်ဆိုရင် အတိုးနှုန်း ခြောက်ကျပ်နဲ့ ချေးယူတာပါ။ အခုကတော့ အတိုးနှုန်းကလည်း သက်သာတယ်။ အာမခံကလည်း လွယ်ကူတော့ အဆင်ပြေပါတယ်'' ဟု ပခုက္ကူဒေသမှ တောင်သူ မသန္တာဝင်းက ပြောသည်။
ထိုသို့ ချေးငွေအစီအစဉ်ကို ရှေ့ပြေးအစီအစဉ်အဖြစ် ပခုက္ကူဒေသရှိ ကျေးရွာ ငါးရွာ၌ တစ်ရွာလျှင် ငွေကျပ် ၁၇၅ သိန်းနှင့် စုစုပေါင်း ချေးငွေ ငွေကျပ် သိန်း ၈ဝဝ မှ သိန်း ၁ဝဝဝ ဝန်းကျင်အတွင်း ထုတ်ချေးပေး နိုင်ရန် လျာထားကြောင်း၊ ထိုချေးငွေ အစီအစဉ် အောင်မြင်ပါက နောင်နှစ်များတွင်လည်း တောင်သူအရေအတွက်ကို တိုးမြှင့်ထုတ်ချေး ပေးမည်ဖြစ်ကြောင်း သိရသည်။
#Themyawadydaily
No comments:
Post a Comment