www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 26, 2017

တောင်သမန်အင်းအတွင်း LED မီးလုံးပေါင်း သန်း ၈ဝ ကျော်ဖြင့် အလှဆင်ထားသည့် မီးထွန်းပွဲတော်ကို ခရစ္စမတ်နေ့တွင် စတင်ဖွင့်လှစ်


တောင်သမန်အင်းအတွင်း LED မီးလုံးများဖြင့် အလှဆင်ထားသည်ကို တွေ့ရစဉ်။

မန္တလေး ၂၆-၁၂-၂၀၁၇

တောင်သမန်အင်းအတွင်း LED မီးလုံးပေါင်း သန်း ၈ဝကျော်ဖြင့် အလှဆင်ထားသည့် မီးထွန်းပွဲတော်ကို ခရစ္စမတ်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း ပြပွဲစီစဉ်သူ ဦးထွန်းမင်းထံမှ သိရသည်။

တောင်သမန်အင်းအတွင်း၌ LED မီးလုံးပေါင်း သန်း ၈ဝ ဖြင့်အလှဆင်ထားသည့် ပွဲတော်ကို ယနေ့မှ ၂ဝ၁၈ခုနှစ်ဇန်နဝါရီ ၁ဝရက်ထိ ပြသသွားမည် ဖြစ်ပြီး ညနေ ၅နာရီမှ ည ၁၁နာရီထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကာ ပြပွဲတွင်LED မီးများဖြင့် အလှဒီဇိုင်းများဖန်တီး ထားသည့် ပြကွက် ၃ဝဝကျော်ဖြင့် ပြသသွားမည် ဖြစ်သည်။

"ဒီနေ့က ခရစ္စမတ်နေ့ပွဲတော်ရက် လဲဖြစ်တဲ့အတွက် ဒီမီးထွန်းပွဲတော်ကို လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေ တော်တော်များပါတယ်။ ပြီးတော့ ဒီပွဲက မန္တလေးမြို့ရဲ့အထင်ကရနေရာဖြစ်တဲ့ တောင်သမန်အင်းထဲမှာ လုပ်တာဖြစ်တဲ့အတွက် တောင်သမန်တံတား ကြီးရဲ့ပုံရိပ်တွေလဲရှိလို့ ခရီးသွားဧည့်သည်တွေ စိတ်ဝင်တစား လာရောက်လည်ပတ် တာကိုတွေ့ရပါတယ်"ဟု ၎င်းက ပြောပြသည်။

ယခုပြပွဲတွင် ပြသထားသည့် ဒီဇိုင်းများသည် မြန်မာနိုင်ငံအတွင်းရှိ LED မီးအလှဆင်ပညာရှင်များက လှပစွာပြုလုပ်ထားခြင်း ဖြစ်ပြီးပြကွက်များ ဖြစ်သည့် ကမ္ဘာပေါ်တွင် နာမည်ကျော်ကြားသည့် ရေခဲတောင်ပုံစံ LED မီးလုံး များဖြင့် ဒီဇိုင်းပုံဖော်ထားခြင်း၊ ပဲရစ်မျှော်စင်ပုံစူံနီမီးလုံးများဖြင့် အလှဆင်ထားသည့်အပြင် မြန်မာ့တူရိယာဖြစ်သည့် စောင်းပုံစံများနှင့် ကလေးများ ကြိုက်နှစ်သက်သည့် ပြကွက်များကို ဒီဇိုင်းရေးဆွဲ အလှဆင်ထားကြောင်း သိရသည်။

"အခုလိုပြပွဲက အရမ်းကိုလှပတဲ့ပြကွက် တွေဖြစ်ပါတယ်။ တောင်သမန်အင်းထဲမှာ ရေလဲရှိတယ်။ ပြီးတော့ တောင်သမန်တံတားကြီးရဲ့ နောက်ခံပုံရိပ်လဲရှိပါတယ်။ အဝေးကလှမ်းကြည့်လိုက်ရင် တကယ်ကိုလှပတဲ့ ပုံရိပ်ဖြစ်ပါတယ်။ ပြီးတော့ ဒီပွဲကဖျော်ဖြေရေး အနေနဲ့ပြသတာပါ။ ခရီးသွားဧည့်သည်တွေကို ဖော်ဆောင်ပေးတဲ့သဘော မျိုးလဲဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ LED မီးထွန်းပွဲတော်ကို မန္တလေးတိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့်ကျင်းပ ခြင်းဖြစ်ပြီး တောင်သမန် တံတားကြီး၏ ပေ ၅ဝအကွာတွင် ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ ထို့ပြင် လာရောက်လည်ပတ်သည့် ဧည့်သည်များကို LED မီးလုံးများဖြင့် အလှဆင်ထားသည့် ပြကွက်များကို ကြည့်ရှုနိုင်ရန် လူကြီးတစ်ဦးလျှင် ငွေကျပ် ၂ဝဝဝ၊ ကလေးတစ်ဦးလျှင် ငွေကျပ် ၁ဝဝဝ သတ်မှတ်ထားပြီး မသန်စွမ်းသူများ၊ မိဘမဲ့ကလေးများ၊ ရဟန်းသံဃာတော်များကို ဝင်ကြေးအခမဲ့ခွင့်ပြု ပေးထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger