www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 21, 2017

လွတ်လပ်ရေး ထိန်းသိမ်းမှုနှင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး ဆောင်ရွက်မှုကာလများတွင် အမျိုးသမီး စစ်ဝန်ထမ်းတပ်များ ပါဝင်ဖွဲ့စည်းပြီး ကျရာအခန်းကဏ္ဍတွင် ထူးချွန်ပြောင်မြောက်စွာ ပါဝင်ထမ်းဆောင်ခဲ့









နေပြည်တော် ၂၁-၁၂-၂၀၁၇

မိမိတို့နိုင်ငံ၏ အတိတ်သမိုင်းတွင် ခေတ်မီတပ်မတော်တစ်ရပ် တည်ထောင်နိုင်ခဲ့ခြင်းမရှိသဖြင့် သူ့ကျွန်ဘ၀သို့ ရောက်ရှိခဲ့ရကြောင်း၊ နိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် မိမိတို့တပ်မတော်သည် ပြည်သူများနှင့်လက်တွဲပြီး နယ်ချဲ့ ဖက်ဆစ်များကို တွန်းလှန်ခဲ့ကြကြောင်း၊ ထိုသို့သူ့ကျွန်မခံ တွန်းလှန်မှုများနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုများတွင် မြန်မာအမျိုးသမီးများကလည်း အမျိုးသားများနည်းတူ ပါဝင်ဆောင်ရွက်ခဲ့ကြသည်မှာ သမိုင်းတွင်အထင်အရှား ရှိကြောင်း၊ ထို့အပြင်လွတ်လပ်ရေး ထိန်းသိမ်းမှုနှင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး ဆောင်ရွက်မှုကာလများတွင်လည်း အမျိုးသမီးစစ်ဝန်ထမ်းတပ်များ ပါဝင်ဖွဲ့စည်းပြီး ကျရာအခန်းကဏ္ဍတွင် ထူးချွန်ပြောင်မြောက်စွာ ပါဝင်ထမ်းဆောင် ခဲ့ကြကြောင်း၊ ထို့ကြောင့် မျိုးချစ်စိတ်ထက်သန်သည့် မြန်မာအမျိုးသမီးများနှင့် အမျိုးသမီးစစ်မှုထမ်းများ၏ စွမ်းဆောင်ရည်ကို မြန်မာ့သမိုင်းနှင့် တပ်မတော်သမိုင်းတွင် အထင်အရှား မှတ်ကျောက်တင်ပြီး ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)တွင် ကျင်းပပြုလုပ်သည့် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီကျော်ဆွေနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ရန်ကုန်တပ်နယ်မှအရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်းဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီး ဗိုလ်လောင်းတပ်ခွဲကို စစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား ဗိုလ်လောင်းတပ်ခွဲက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြု ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းမှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းအမှတ် ၂၀ ဗိုလ်လောင်း ခင်လပြည့်အား ဆုပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် မိမိတို့နိုင်ငံတွင် အမျိုးသမီးဦးရေသည် နိုင်ငံလူဦးရေ၏ ၅၁ ရာခိုင်နှုန်းကျော်ရှိသည့်အတွက် အမျိုးသမီးအင်အားထုကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေးစွမ်းအား တည်ဆောက်ရေးတို့တွင် ထိရောက်စွာအသုံးပြုရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းအားတည်ဆောက်ရာတွင် မြန်မာအမျိုးသမီးထုပါဝင်နိုင်ရေး၊ အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးနှင့် တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းဆောင်နိုင်ရေးတို့အတွက် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း၊ သူနာပြုနှင့်ဆေးဘက်ပညာသင်တန်း၊ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေးသင်တန်း များကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပြီး အမျိုးသမီးစစ်မှုထမ်းများကို လေ့ကျင့် မွေးထုတ်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်စေရန် အတွက် အမျိုးသမီးစစ်မှုထမ်းအရာရှိများအား လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်း အမျိုးသမီးအရာရှိများ အနေဖြင့် ကြည်း၊ ရေ၊ လေ၊ ရုံးဌာနများအပါအ၀င် လက်ရုံးဝန်ထမ်းတပ်ဖွဲ့အသီးသီးတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိနေကြကြောင်း။

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) မှဆင်းသည့် အမျိုးသမီးအရာရှိ တချို့သည် အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး) သင်တန်းများကို တက်ရောက်အောင်မြင်ပြီး ဖြစ်သကဲ့သို့ တပ်မတော် (လေ) အမျိုးသမီးအရာရှိ တချို့သည်လည်း လေသူရဲလောင်းများအဖြစ် စတင်လေ့ကျင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း သင်တန်းကျောင်းက လေ့ကျင့်သင်ကြား ပေးလိုက်သည့် ဘာသာရပ်များနှင့် လက်တွေ့လေ့ကျင့် ဆောင်ရွက်မှုများ ကိုအခြေခံပြီး ပေးအပ်လာမည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်လိုအပ်ကြောင်း မှာကြားသည်။ ထို့နောက် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများသည် နေ့စဉ်နှင့်အမျှ တီထွင်ပြောင်းလဲ တိုးတက်နေသည့် အလျောက် လေ့ကျင့်ရေးပိုင်းကိုလည်း နိုင်ငံတကာ စံချိန်မီအောင် အရည်အသွေးမြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စစ်လက်နက်ပစ္စည်းများ၊ စစ်နည်းဗျူဟာများကို ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် လေ့ကျင့်နေရမည် ဖြစ်သကဲ့သို့ လက်တွေ့စစ်မြေပြင်တွင် ရန်သူကို ရင်ဆိုင်တိုက်ပွဲဝင်နိုင်ရန်အတွက် ကိုယ်ခန္ဓာကြံ့ခိုင်မှုရှိအောင်လည်း လေ့ကျင့်နေရန်လိုအပ်ကြောင်း၊ စွမ်းရည်ထက်မြက်သည့် တပ်မတော်ဖြစ် ရန်အတွက်ဆောင်ရွက်ရာတွင် စစ်သည်တစ်ဦးချင်းအတွက် အဆင့်နှင့်လျော်ညီသည့် စစ်ပညာတတ်ကျွမ်းမှု ရှိအောင် လေ့ကျင့်ပေးရန်လိုအပ်သကဲ့သို့ အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်မှုရှိစေရန်လည်း တပ်ဖွဲ့အလိုက်လေ့ကျင့်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် ခေတ်သစ်စစ်ပွဲကို ရင်ဆိုင်နိုင်စွမ်းရှိပြီး စွမ်းရည်မြင့်မားသည့် တပ်မတော်ဖြစ်စေရန်အတွက် တစ်ဦးချင်းလေ့ကျင့်ရေး၊ အဖွဲ့လိုက် လေ့ကျင့်ရေးနှင့် ပူးပေါင်းလေ့ကျင့်ရေးဆိုသည့် လေ့ကျင့်ရေးကဏ္ဍ ၃ ရပ်ဖြင့် လေ့ကျင့်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုသို့လေ့ကျင့်ရာတွင် ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည်ဆိုသည့် တပ်မတော်၏ လေ့ကျင့်ရေးအခြေခံမူများနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် ပြည်တွင်း/ပြည်ပရန်ကို ကာကွယ်ရန်နှင့် သမားရိုးကျစစ်ဆင်နိုင်ရန်အတွက် တပ်မတော်ကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရန်ဖြစ်ပြီး နိုင်ငံအချုပ်အခြာအာဏာထိပါးသူ၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ဖန်တီးနေသူများကို တိုက်ခိုက်ချေမှုန်း နေရခြင်းဖြစ်ကြောင်း၊ ပြည်ပရန်ကာကွယ်ရေးနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် တပ်မတော်၏ ကာကွယ်ရေးစွမ်းရည် အစဉ်မြင့်မားနေရန် လိုအပ်သည့်အတွက် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအား မြင့်မားနေရန် အလေးထားလုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရန်အတွက် ကာကွယ်ရေးစွမ်းရည် ရှိနေရမည်ဖြစ်ပြီး တစ်ဦးချင်း စွမ်းရည်မြင့်မားရန်အတွက် အခြေခံအားဖြင့်ပြည့်စုံရမည့် ကျန်းမာကြံ့ခိုင်မှု၊ လေ့ကျင့်သားပြည့်ဝမှုများ ရှိနေရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစွမ်းရည်ရှိမှ တပ်များ၏ စွမ်းရည်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ တပ်မတော်၏ “အား”ကိုတည်ဆောက်ရာတွင် တပ်ဖွဲ့များအားလုံး စုစည်းညီညွတ်မှုရှိရန် လိုအပ်သည့်အတွက် တပ်များစွမ်းရည် မြင့်မားစေရန် အရှည်မျှော်တွေးပြီး အလေးထား လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက် မိမိတို့တပ်မတော်အနေဖြင့် အဓိကလုပ်ငန်းကြီး ၃ ခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန် များကိုထမ်းဆောင်သွားရန် သတ်မှတ်ပေးထားပြီး ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံရေးစနစ် ဖြစ်စေကာမူ တပ်မတော်၏အဓိကတာဝန်မှာ နိုင်ငံတော်ကို ကာကွယ်ရန်နှင့် နိုင်ငံတော်က ပေးအပ်လာသည့်တာဝန်များကို ထမ်းဆောင်ရန်ဖြစ်ကြောင်း၊ ကာကွယ်ရေး ဆိုသည်မှာ စစ်တိုက်ခြင်းတစ်ခုတည်းသာမဟုတ်ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်း၊ ပြည်သူ့အကျိုးဖော်ဆောင်ပေးခြင်းနှင့် ပြည်သူတို့၏စားဝတ်နေရေး၊ အမျိုးသားရေး စရိုက်လက္ခဏာများကို ထိခိုက်မှုမရှိစေရန် ကာကွယ်ခြင်းတို့ပါဝင်ကြောင်း၊ အဆိုပါတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် အမှန်တကယ်စွမ်းရည်ရှိသည့်တပ်၊ နိုင်ငံတော်ကအားထားရသည့်တပ်၊ ပြည်သူကအားကိုးရသည့် တပ်များဖြစ်ရန် မလွဲမသွေ လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ တပ်များစွမ်းရည်ရှိအောင် လုပ်ဆောင်ရာတွင် စည်ကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံမှုရှိခြင်းသည် အရေးကြီးသည့် လိုအပ်ချက်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်ပြီး စွမ်းရည်ဟုဆိုရာတွင် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်စသည့် စွမ်းရည်သုံးရပ်ပါဝင်ပြီး မိမိတို့၏အဓိကလုပ်ငန်း Professional ဖြစ်သည့် စစ်ရေးစွမ်းရည် ထက်မြက်နေရန် အထူးလိုအပ်ကြောင်း၊ စစ်ရေးစွမ်းရည် ထက်မြက်ရန်အတွက် ပထမအချက်အနေဖြင့် လူတစ်ဦးချင်းစီ၏ စွမ်းရည်များထက်မြက်ရန်၊ ဒုတိယအချက်အနေဖြင့် လက်နက်စွမ်းရည်များရှိရန်နှင့် လေ့ကျင့်သား ပြည့်ဝ ရမည်ဖြစ်ပြီး စစ်နည်းဗျူဟာကျင့်သုံးမှုတွင်လည်း သူ့နေရာနှင့်သူ မှန်ကန်မှုရှိရန်လိုအပ်ကြောင်း၊ တစ်ဦးချင်း စွမ်းရည်ရှိမှုနှင့်အတူ တပ်ဖွဲ့အလိုက်၊ တပ်အလိုက်လည်း စွမ်းရည်မြင့်မား ထက်မြက်နေရန် လိုအပ်မည် ဖြစ်ကြောင်း၊ ထို့အတူ မိမိတာဝန်ယူရသည့် အဖွဲ့အစည်းနှင့် ပြည်သူလူထုအပေါ် ခိုင်မာသည့် စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ရန်အတွက် စည်းရုံးရေးစွမ်းရည် ပြည့်စုံနေရန်လိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတွင် တပ်မတော်၏ ဦးဆောင်မှုနှင့် ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်နိုင်ရန်အတွက် တပ်တွင်း၊ တပ်ပြင် စည်းရုံးရေးလုပ်ငန်းများကို အလေးအနက်ထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူကိုလုံခြုံအောင် ကာကွယ်စောင့်ရှောက်ခြင်း၊ ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ပေးခြင်း၊ ပြည်သူ့ဘ၀ တိုးတက်အောင် ၀ိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရယူနိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့အပြင် အထက်ကပေးအပ်လာသည့်အမိန့်၊ တာဝန်နှင့်ညွှန်ကြားချက်များကို ဦးစီးတာဝန်နှင့်အညီ စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်နိုင်ရန်နှင့် ကွပ်ကဲကြပ်မတ်နိုင်ရန် အတွက်လည်း အုပ်ချုပ်ရေးစွမ်းရည် ထက်မြက်နေရန် လိုအပ်ကြောင်း၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာလုပ်ငန်းများ မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းဖြင့် အုပ်ချုပ်မှုစနစ်ပိုမို ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်ဆိုသည့် စွမ်းရည်သုံးရပ် ထက်မြက်မြင့်မားစေရန်အတွက် လေ့ကျင့်ရေးနှင့်တည်ဆောက်၊ အုပ်ချုပ်ရေးနှင့်တည်ဆောက်၊ သက်သာချောင်ချိရေးနှင့်တည်ဆောက်၊ စိတ်ဓာတ်နှင့် တည်ဆောက် ဆိုသည့် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး(၄)ရပ်နှင့်အညီ မှန်ကန်စွာ တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် မိမိတို့တပ်မတော်သည် စစ်စည်းကမ်းကိုမဏ္ဍိုင်ပြုပြီး အမိန့်နာခံတတ်မှုနှင့် ကျစ်လစ်သိပ်သည်းစွာ ဖွဲ့စည်းထားသည့် တပ်မတော်တစ်ရပ်ဖြစ်ကြောင်း၊ ယနေ့အချိန်အထိ တည်တံ့ခိုင်မြဲစွာဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နိုင်ခြင်းသည် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုများကြောင့်ပင်ဖြစ်ကြောင်း၊ စည်းကမ်းဆိုရာတွင် လိုက်နာဆောင်ရွက်ရန် တိုက်တွန်းချက် စည်းကမ်းနှင့် ရှောင်ကြဉ်ရန် တားမြစ်ထားသည့် တားမြစ်ချက်စည်းကမ်းဟု နှစ်မျိုးရှိပြီး အသိတရားဖြင့် လိုက်နာစောင့်ထိန်းသွားရန် လိုအပ်ကြောင်း၊ မိမိတို့တပ်မတော်သားများသည် တပ်မတော်၏လုပ်ထုံးလုပ်နည်း၊ စည်းကမ်းဥပဒေများကို တိတိကျကျလိုက်နာ ဆောင်ရွက်ကြရသည့်အပြင် နိုင်ငံတော်ကချမှတ်ထားသည့် ဥပဒေနှင့်စည်းကမ်းများကို နိုင်ငံသားတစ်ဦးအနေဖြင့်လည်း လိုက်နာကြရသူများဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတကာတွင် လက်ခံကျင့်သုံးနေသည့် စစ်ပွဲဆိုင်ရာဥပဒေများနှင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများကိုလည်း သိရှိလိုက်နာကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် ကိုယ်တိုင်ပြစ်မှုမကျူး လွန်အောင် လိုက်နာစောင့်ထိန်းရသကဲ့သို့ မိမိတာဝန်ယူကွပ်ကဲရသည့် လက်အောက်က ပြစ်မှုကျူးလွန် လျှင်လည်း မျက်ကွယ်ပြု၍မရဘဲ စစ်ဘက်၊ နယ်ဘက် ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်ရာတွင် ပြဋ္ဌာန်းထားသည့်ဥပဒေ၊ ထုတ်ပြန် ထားသည့် အမိန့်နှင့်ညွှန်ကြားချက်၊ စည်းကမ်း၊ နည်းလမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုကြောင်းမှာကြားသည်။

၎င်းနောက် တပ်မတော်တွင် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရတော့မည့် မိမိတို့အနေဖြင့် သင်တန်းကာလတွင် ခေါင်းဆောင်မှုသဘောတရားနှင့် နည်းလမ်းများကို လေ့လာသင်ယူခဲ့ကြပြီးဖြစ်သဖြင့် လက်တွေ့တာဝန်ထမ်းဆောင်ရာတွင်လည်း ခေါင်းဆောင်မှုအရည်အချင်းများနှင့် ပြည့်စုံနေအောင် တည်ဆောက်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုဆိုသည်မှာ မိမိအပေါ်တွင် ကျရောက်လာသည့် နိုင်ငံ၏သမိုင်းပေးတာဝန်၊ သို့မဟုတ် အထက်မှပေးအပ်လာသည့်တာဝန်ကို မိမိလက်အောက်ငယ်သား များနှင့်အတူ ရည်မှန်းချက်ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည့် ပညာရပ်ပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ခေါင်းဆောင်မှုဆိုသည်မှာ လူသားများ၏စိတ်ဓာတ်နှင့် စွမ်းရည်ကို စနစ်တကျစုစည်းပြီး စွမ်းအင်တစ်ရပ် ရရှိအောင် ဖော်ဆောင်နိုင်သည့် အရည်အချင်းတစ်ခုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်မှု အပြည့်အ၀ ရရှိနိုင်ရန်အတွက် မိမိတို့တပ်မတော်မှ ချမှတ်ထားသည့် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ရပ်နှင့်အညီ ကြိုးစား လုပ်ဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ စစ်မှန်သည့် ခေါင်းဆောင်ဆိုသည်မှာ ကိုယ်တိုင် စံနမူနာပြ နေထိုင်ကျင့်ကြံပြောဆိုပြီး လက်အောက်ငယ်သားများ၏ ချစ်ခင်လေးစားမှုနှင့် ပတ်ဝန်းကျင်ရှိလူများ လေးစားစွာ အသိအမှတ်ပြုခြင်းကို ခံယူရရှိအောင် ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ စစ်ဘက်ခေါင်းဆောင်မှု၏ အခြေခံအချက်မှာ တည်ဆဲဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာ လိုက်နာခြင်းတို့နှင့်အတူ အထက်အကြီးအကဲများအပေါ် သစ္စာရှိခြင်းနှင့် လက်အောက်ငယ်သားများအပေါ် ရဲဘော်ရဲဘက်စိတ်ထားရှိခြင်း များလည်းပါဝင်ကြောင်း၊ ရာထူး/အဆင့်များ ခန့်အပ်ပေးလိုက်ခြင်းအတွက် မိမိကိုယ်ကို အရည်အချင်းပြည့်ဝသည့် ခေါင်းဆောင်များ အလိုအလျောက်ဖြစ်လာပြီဟု ခံယူသတ်မှတ် ခြင်းမျိုးကိုရှောင်ကြဉ်ပြီး ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာစေရန် ကျရာတာဝန်များကိုထမ်းဆောင်ရင်း ဆက်လက်လေ့လာ ဆည်းပူးသင်ယူကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် နိုင်ငံတစ်နိုင်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးအရတည်ငြိမ်မှု၊ လုံခြုံရေးအရတည်ငြိမ်မှုနှင့် စီးပွားရေးအရ တည်ငြိမ်မှုများရှိရန် လိုအပ်သည့်အတွက် တပ်မတော်အနေဖြင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် နိုင်ငံရေးနည်းအရ မှန်ကန်စွာဖြေရှင်း ဆောင်ရွက်မှုများမှာ ဥပဒေနှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လမ်းကြောင်းကို အခြေခံပြီး လုပ်ဆောင်လျက်ရှိကြောင်း၊ ငြိမ်းချမ်း ရေးကိုအမှန်တကယ်ရယူပြီး ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် လက်ရှိသွားနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းလိုပါက အရာအားလုံး ငြိမ်းချမ်းလိုသည့်စိတ်ကို အခြေခံပြီး ဖြေရှင်းရမည်ဖြစ်ကြောင်း၊ NCA အရတိုင်းရင်းသား အရေးကို နိုင်ငံရေးအရဆွေးနွေးနိုင်သည့် လမ်းကြောင်းများစွာ အခွင့်အရေးများစွာ ရရှိမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဖြစ်စဉ်များချုပ်ငြိမ်းရန်၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့်လည်း တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်ရေးရရှိရန် ဆောင်ရွက်ကြရာတွင် မိမိတို့ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။ စစ်ရေးပြအခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ရိပ်သာဧည့်ခန်းမ၌ အကောင်းဆုံး ဗိုလ်လောင်းဆုရ ဗိုလ်လောင်း ခင်လပြည့်၊ သေနတ်ပစ်အကောင်းဆုံးဆုရ ဗိုလ်လောင်း ဇာခြည်ထွန်းနှင့် ၎င်းတို့၏မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger