www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 2, 2017

မြန်မာ့ရေကြောင်း ကုန်သွယ်မှုပမာဏ အနေဖြင့် ၁ဝ နှစ်တာကာလအတွင်း နှစ်ဆကျော် ပိုမိုမြင့် တက်လာခဲ့



ရန်ကုန် ၂-၁၀-၂၀၁၇

မြန်မာ့ရေကြောင်း ကုန်သွယ်မှု ပမာဏအနေဖြင့် ၁ဝ နှစ်တာကာလ အတွင်းနှစ်ဆကျော် ပိုမိုမြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ရေကြောင်း နေ့အခမ်းအနား သတင်းများအရ သိရသည်။

အဆိုပါ အခမ်းအနားကို စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံအနေဖြင့် ဈေးကွက် စီးပွားရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အပြင် ကုန်သွယ်မှုပမာဏ မြင့်တက်လာစေရေးနှင့် ပို့ကုန်သုံးဆတိုးမြှင့် တင်ပို့နိုင်စေရေး အလေးထားဆောင်ရွက် လျက်ရှိသည်။

ထို့ကြောင့် မြန်မာ့ပို့ကုန်ကဏ္ဍ သိသာစွာ တိုးတက်လာနေသကဲ့သို့ ကုန်သွယ်မှုကဏ္ဍမှာလည်း တိုးတက်လာခဲ့ပြီး မြန်မာ့ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပို့ကုန်၊ သွင်းကုန်များကို နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းများမှ အများဆုံးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ ဆန်၊သစ်၊ဟင်းသီး ဟင်းရွက်နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့နေပြီး မော်တော်ယာဉ်များ၊ ယန္တရားများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများနှင့် အခြားသောပစ္စည်းများ ကိုလည်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများမှ အများဆုံး တင်သွင်းလျက်ရှိသည်။ လက်ရှိတွင် အဆိုပါကုန်ပစ္စည်း ဈေးကွက်များ သိသိသာသာဖွံ့ဖြိုး တိုးတက်နေ သဖြင့်တင်သွင်း ၊ တင်ပို့မှုများမှာလည်း တိုးတက်များပြား လာခဲ့သောကြောင့် မြန်မာ့ရေကြောင်း ကုန်သွယ်မှုကဏ္ဍမှာ ၂ဝဝ၇ခုနှစ်မှ ယခုနှစ်ထိ ၁ဝ နှစ်တာကာလအတွင်း နှစ်ဆကျော် တိုးတက်များပြားလာခဲ့ကြောင်း သိရသည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းအချက်အလက်များ မှန်ကန်စွာ မှတ်တမ်းတင်နိုင်ရန်နှင့် အချိန်မီဆက်သွယ် ဆောင်ရွက်နိုင်ရန် Port EDI စနစ်ကို စက်တင်ဘာလအတွင်း အောင်မြင်စွာ စတင်ဆောင်ရွက် ပေးနိုင်ခဲ့ပြီး အောက်တိုဘာလအတွင်း အပြည့်အဝလုပ်ငန်း လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger