www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 17, 2017

ပြည်ပဆန်တင်ပို့မှု များပြားလာသည့်အတွက် ယမန်နှစ်ကထက် စပါးဈေး ငွေကျပ်တစ်သိန်း ဝန်းကျင်မြင့်တက်



ရန်ကုန် ၁၇-၁၀-၂၀၁၇

ယခုနှစ်အတွင်း ပြည်ပဆန်တင်ပို့မှု များပြားလာသည့်အတွက် ယမန်နှစ်က ထက်စပါးဈေး ငွေကျပ်တစ်သိန်းဝန်းကျင် မြင့်တက်နေကြောင်း မြန်မာနိုင်ငံလွတ်လပ်သော တောင်သူလယ်သမား များအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်ထံမှ သိရသည်။

လက်ရှိတွင် စပါးများ၌ အစိုဓာတ်များ နေသည့်အတွက် ပုံမှန် စပါး ၄၆ ပေါင်ကို တစ်တင်းမဟုတ်ဘဲ စပါး ၅၂ ပေါင်၊ ၅၅ ပေါင်ကို တစ်တင်းလျှင် ငွေကျပ် ငါးသိန်းမှ ငါးသိန်းနှစ်သောင်းအထိ ဈေးနှုန်းရလျက်ရှိကာ ယခင်နှစ် ကာလတူက ငွေကျပ်လေးသိန်းခန့်အထိသာ ဈေးနှုန်းရရှိကြောင်း သိရသည်။

''ပြည်ပကို ဆန်တင်ပို့ဖို့ သင်္ဘောလေး၊ ငါးစင်းလောက် ရောက်နေပြီဖြစ်လို့ ဒီနှစ်မှာ စပါးဈေးကသင့်တယ်လို့ ပြောလို့ရတယ်။ နောက်ရာသီဥတုကလည်း ရိတ်လို့သိမ်းလို့က မရသေးဘူး။ မုန်တိုင်းကြောင့် မိုးကလည်း ရွာနေတဲ့အချိန်၊ စပါးကလည်း အထွက်နည်းနေတဲ့ အချိန်ဆိုတော့ စပါးဈေးအနေအထားကလည်း မဆိုးပါဘူး ''ဟု ဦးသိန်းအောင်က ပြောသည်။

ထို့ပြင်နှစ်စဉ် အောက်တိုဘာလကုန်ပိုင်းနှင့် နိုဝင်ဘာလအတွင်း စပါးလှိုင်လှိုင် ထွက်ရှိလာပါက ဈေးနှုန်းများပြန်လည် ကျဆင်းလေ့ရှိသည့်အတွက် ယခုနှစ်တွင် နိုဝင်ဘာလဆန်းအထိ ဈေးနှုန်းများ ဆက်လက်တက်၊ မတက် စောင့်ကြည့်ရန် လိုအပ်ကြောင်း သိရသည်။

ယခုနှစ်တွင် ဆန်ဈေးကွက်အသစ်များ ဖော်ဆောင်မှုနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပါ တင်ပို့မှုရရှိသည့်အတွက် ယမန်နှစ်ကထက် ပြည်ပဆန်တင်ပို့မှု မြင့်တက်လာပြီး ယခုဘဏ္ဍာနှစ်တွင် လက်ရှိအချိန်ထိ ဆန်တန်ချိန် ၁ ဒသမ ၅ သန်းကျော် တင်ပို့နိုင်ကာ ယခင်ဘဏ္ဍာနှစ်ထက် ဆန်တန်ချိန် တစ်သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger