မြောက်ဦး ၇-၇-၂၀၁၇
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းမြို့ရိုး တံတိုင်းဖြစ်သည့် လက်ဆည်ကန် မြို့တံခါးပေါက်ကို ဇူလိုင်လအတွင်း ငွေကျပ် သိန်း၂ဝဝ ခန့် အကုန်အကျခံ၍ ရှေးမူမပျက် ထိန်းသိမ်းပြုပြင် သွားမည် ဖြစ်ကြောင်း မြောက်ဦး မြို့နယ် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။
၂ဝ၁၅ ခုနှစ် မှစတင်ကာ နှစ်စဉ်မိုးဥတု ရောက်တိုင်း လက်ဆည်ကန်မြို့ တံခါးပေါက်မှ ရေလွှတ်ပေါက်ကဲ့သို့ ရေကျော်လာနေသဖြင့် လက်ရှိတွင် မြို့ရိုးတံတိုင်း၏ အောက်ခြေပိုင်းနှင့် တံခါးပေါက်တို့မှာ ကြံ့ခိုင်မှုအားနည်း နေပြီး တံတိုင်းတစ်ခုလုံး အချိန်မရွေး ပြိုကျပျက်စီး သွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။
ရေများသည် ဇူလိုင် ၃ ရက်မှ စတင်၍ လက်ဆည်ကန် မြို့ရိုးတံခါးပေါက်မှ လေးပေခန့်ထိ မြင့်တက်ပြီး တစ်ဟုန်ထိုး စီးဆင်းနေသဖြင့် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သဲအိတ်များကို အမြင့်ငါးပေထိ တာဖို့ကာအပေါက်ကို ယာယီပိတ်ထားသည်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့် ယခုအခါ ရေကျော်နေသည့် အဆိုပါတံခါးပေါက်ကို ယာယီထိန်းထားပြီး ယခုလအတွင်း အပြီးသတ် ပြုပြင်သွားမည် ဖြစ်ကြောင်းမြောက်ဦး မြို့နယ်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။
#yadanarpondaily






No comments:
Post a Comment