www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 2, 2017

ရေပူစစ်ဆေးရေးစခန်း၌ အခွန်မဆောင်ဘဲ တင်သွင်းလာသော ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ ဖမ်းဆီးရမိ


သိန်းနီ ၂-၅-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ်ရှိ ရေပူစစ်ဆေးရေး စခန်း၌ ယနေ့တွင် အခွန်ပေးဆောင် ထားခြင်းမရှိဘဲ တရုတ်နိုင်ငံထုတ် ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်း များကိုခြောက်ဘီးယာဉ် ဖြင့်အပြည့်
တင်ဆောင်လာစဉ် ဖမ်းဆီးရမိ ခဲ့သဖြင့် ပစ္စည်းများကို သိမ်းဆည်းထားကြောင်း သိရသည်။

''ဆိုင်ကယ်နဲ့ ပစ္စည်းတွေကိုတော့ သိမ်းလိုက်တယ်။ ပြီးတော့ သက်ဆိုင်ရာ ဌာနတွေကို လွှဲပေးလိုက်ပါတယ်။ ယာဉ်ပေါ်ပါသူတွေ ကိုတော့ အရေးမယူပါဘူး။ လားရှိုး အကောက် ခွန်ဦးစီးဌာနကို နေ့ချင်းပို့လိုက်ပါတယ်''ဟု ရေပူအမြဲတမ်း စစ်ဆေးရေးတာဝန်ခံ၊ အကောက် ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင် ကပြောပြသည်။

အဆိုပါ ဆိုင်ကယ်နှင့် ဆိုင်ကယ် အပိုပစ္စည်းများကို လားရှိုး အကောက်ခွန်ဦးစီး ဌာနသို့ လွှဲပြောင်းကာ လေလံတင် ပေးသွားမည်ဖြစ်ပြီး ပစ္စည်းတင်ဆောင်လာသော မော်တော်ယာဉ်ကို ဒဏ်ငွေပေးဆောင်စေကာ ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ၎င်းကပြောပြသည်။

''ဒီဂိတ်ဖွင့်တာကို အရင်ကတော့ မကောင်းဘူးလို့မြင်မိတယ်။ အလုပ်ရှုပ်တယ်လို့လဲ ထင်ခဲ့ပါတယ်။ ဖွင့်ပြီးနောက်ပိုင်းမှာတော့ ဖမ်းမိတဲ့ပစ္စည်းတွေ တော်တော် များပါတယ်။ ဒီရက်ပိုင်းမှာဆို သစ်တွေဖမ်းမိတာ အများကြီးတွေ့ရတယ်။ အခုတော့ ဂိတ်ဖွင့်တာ ကောင်းတယ်လို့ မြင်ပါတယ်''ဟုဒေသတွင်း ယာဉ်မောင်းဦးထွန်းကြည်က ပြောပြသည်။

လက်ရှိတွင် ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ အပြင် အခွန်ပေးဆောင် ထားခြင်း မရှိသော ဓာတ်မြေသြဇာ အိတ်၂ဝဝ၊ တရုတ်နိုင်ငံထုတ် ဂိုထောင်ကျဖိနပ်များ၊ ဂိုထောင်ကျ အဝတ်အထည်များ၊ စားသုံးရန်မသင့်သော စားသောက် ကုန်များဖမ်းဆီးရမိသဖြင့် သက်ဆိုင်ရာဌာနများသို့ ပို့ဆောင်၍ သက်ဆိုင်ရာဥပဒေများဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရေပူစခန်းတာဝန်ခံက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger