www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 3, 2017

မြန်မာသင်္ဘောသားလောက ဖွံ့ဖြိုးတိုးတက်ရေးတွင် သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်အလိုက် ပညာဖလှယ်နိုင်မှုကို အရေးကြီးအချက်တစ်ခု အဖြစ်ပါဝင်



ရန်ကုန် ၊ ၃-၃-၂၀၁၇

ကမ္ဘာ့ရေကြောင်း သွားလာမှုဆိုင်ရာ နည်းပညာများ တိုးတက်လာသည် နှင့်အမျှ မြန်မာ သင်္ဘောသားလောက ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးသည် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အလိုက် သင်္ဘောသားများ အချင်းချင်းကြား ပညာဖလှယ် မျှဝေနိုင်မှုသည် အရေးကြီး အချက်တစ်ခု အဖြစ် ပါဝင်နေကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ကပ္ပတိန် ဦးဇင်မောင်ထွန်း ထံမှ သိရသည်။

''မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်ရဲ့ ၁၉၉၈ - ၁၉၉၉ ကျောင်းသား တွေက အခုဆို သင်္ဘော အရာရှိကြီးတွေ အဖြစ် သင်္ဘောတွေမှာ တာဝန်ယူ နေကြပါပြီ။ တချို့က မျိုးဆက်သစ် သင်္ဘောသားတွေ ပေါ်ထွက် လာစေဖို့ ဆရာအဖြစ် တာဝန်ထမ်းဆောင် နေသူတွေရှိတယ်။ တချို့က သင်္ဘော ကုမ္ပဏီကြီးတွေနဲ့ ချိတ်ဆက်ပြီး သင်္ဘောကြီး တွေမှာ ကပ္ပတိန်တွေနဲ့ သင်္ဘော အင်ဂျင်နီယာ တွေအဖြစ် လုပ်ကိုင်နေသူတွေ ရှိကြတယ်။ 

သင်္ဘောသား တွေက ဒီလိုနိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ နေရာပေါင်းစုံမှာ အလုပ် လုပ်တဲ့အတွက် အတွေ့အကြုံတွေ အမျိုးမျိုး ရရှိလာကြတယ်။ ဒီ အတွေ့အကြုံကောင်း တွေကို သင်္ဘောသား အချင်းချင်း အပြန်အလှန် ပညာရပ်တွေ ဖလှယ်ကြမယ်၊ မျှဝေ ကြမယ်ဆိုရင် သင်္ဘောသား လောက ခေတ်မီ ဖွံ့ဖြိုးတိုးတက်ဖို့ ပိုမြန်ပါလိမ့်မယ်'' ဟု ကပ္ပတိန် ဦးဇင်မောင်ထွန်း ကပြောသည်။

မြန်မာနိုင်ငံရှိ ရေကြောင်း ပညာတက္ကသိုလ် နှင့် ကုန်သွယ်ရေကြောင်း ကောလိပ် (ရေကြောင်းပညာ သိပ္ပံ)တို့မှ ကျောင်းဆင်း အရာရှိများကို ပြည်ပသင်္ဘောလိုင်း အသီးသီးရှိ ကုမ္ပဏီကြီးများက သင်္ဘောသားများ အဖြစ် အလုပ်ခေါ်ယူ ရာတွင် ဦးစားပေး ခေါ်ယူကြောင်း သိရသည်။

''ကုန်သွယ်ရေကြောင်း ကောလိပ်မှာ ဒီပလိုမာရရှိတဲ့ ရေကြောင်း အရာရှိပဲ ဖြစ်ဖြစ်၊ ရေကြောင်းပညာ တက္ကသိုလ်မှာ ဘွဲ့ရရှိတဲ့ ရေကြောင်းအရာရှိ ပဲဖြစ်ဖြစ် သင်ကြားလိုက်တဲ့ ပညာရပ် တွေနဲ့တင် ရပ်တန့်မနေဘဲ ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ ရေကြောင်း ပညာရပ်နယ်ပယ် အသီးသီးကို ကိုယ်နဲ့ဆိုင်လို့ လေ့လာရသလို မဆိုင်တဲ့ ရေကြောင်းပညာရပ် နယ်ပယ်ကိုလည်း လေ့လာရပါမယ်။ ဒါမှ ဘက်စုံထောင့်စုံ ကနေ နားလည်နိုင်တဲ့ သင်္ဘောသားကောင်း တစ်ဦး ဖြစ်မှာပါ'' ဟု ရေကြောင်း အတတ်ပညာများ သင်ကြားပို့ချ ပေးနေသော အင်ဂျင်နီယာမှူး ဦးအောင်လင်းချို ကပြောသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger