India's Prime Minister Narendra Modi (L) poses for a photo with his Vietnamese counterpart Nguyen Xuan Phuc at the Government office in Hanoi, Vietnam September 3, 2016. (Photo: Reuters)
( ရှိန်းထက် )
၂ဝ၁၇ ခုနှစ်က စတင်ခဲ့သော အိန္ဒိယ နှင့် ဗီယက်နမ် ဆက်ဆံရေးသည် တရုတ်နှင့် ဗီယက်နမ်တို့၏ ရေပက်မဝင် ဖြစ်နေခဲ့သော စီးပွားရေးနှင့် နိုင်ငံရေး ဆက်ဆံရေး များကြားတွင် ဆယ်စုနှစ် တစ်စုကြာအောင် တိမ်မြုပ် နေခဲ့သည်။ ထို့ကြောင့် အိန္ဒိယတို့ အာဆီယံတွင် တိုးမပေါက်သော ဆက်ဆံရေးကို အချိန် အတော်ကြာအောင် စောင့်ဆိုင်း နေခဲ့ရပြီး ယခုတော့ အိန္ဒိယတို့ အတွက် အခွင့်အရေးများ ရရှိလာခဲ့ပြီ ဖြစ်သည်။
မန်မိုဟန်ဆင်း အပြီး မိုဒီ တက်လာသော အချိန်တွင် သံတမန်ရေးနှင့် စီးပွားရေးကို ကမ္ဘာအနှံ့ ခြေဆန့်မည့် အစီအစဉ်၊ အာဆီယံကို အဓိက ပစ်မှတ်ထားသည့် စီမံကိန်း၊ ယင်းအချိန်နှင့် တစ်ပြိုင်တည်း မြင့်တက်လာသော တောင်တရုတ် ပင်လယ်ပြင် အရေးမှာ အိန္ဒိယတို့အတွက် အခွင့်ကောင်း ဖြစ်သွားခဲ့သည်။ တရုတ်တို့က အာဆီယံနိုင်ငံ များနှင့် ပြဿနာ တက်သည်။ ထို့ကြောင့် စီးပွားရေး အတွက် အကူအညီများ ပေးသော်လည်း စစ်ရေးကျတော့ လက်ရှောင် နေသည်။ ထို့ကြောင့် စစ်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းမည့် ဗီယက်နမ် အတွက် မဟာမိတ်သစ် ရှာရတော့သည်။
ယခု ဗီယက်နမ်၏ မဟာမိတ်သစ်များ ထဲတွင် ရုရှားနှင့် အိန္ဒိယသည် ထိပ်ဆုံးမှ ဖြစ်သည်။ ရုရှားသည် ယခင်က ပြတ်တောက် သွားသော မဟာမိတ်ဟောင်း ဖြစ်သော်လည်း အိန္ဒိယမှာမူ အသစ်စက်စက် မဟာမိတ် ဖြစ်သည်။ ထို့ပြင် အားနည်း နေသော ဗီယက်နမ်၏ အာကာသ လုပ်ငန်းစဉ် များတွင် တရုတ်တို့က ပံ့ပိုးမှု မရှိသောကြောင့် အိန္ဒိယတို့ နေရာဝင်ယူရန် အဆင်သင့် ဖြစ်နေတော့သည်။ တရုတ်သည် သူ၏ မဟာမိတ် နိုင်ငံများကို စီးပွားရေးအရ အကူအညီ ပေးသော်လည်း စစ်ရေးတွင် အကူအညီ မပေးခဲ့ပေ။ ဥပမာ အာကာသ နည်းပညာ ကဲ့သို့ ဂြိုဟ်တုပုံရိပ် များသည် နိုင်ငံတစ်နိုင်ငံ အတွက် လွန်စွာ အသုံးဝင်သည်။ ယခု တောင်တရုတ် ပင်လယ်ပြင် ကဲ့သို့ အရေးပါသော ပိုင်နက်ပြဿနာ များနှင့် ပတ်သက် လာသောအခါ ပြိုင်ဘက် ရန်သူတို့၏ လှုပ်ရှားမှု ပုံရိပ်များကို သိချင် လာသည်။ ထို့ကြောင့် ဂြိုဟ်တု ကိုယ်ပိုင် မရှိသော နိုင်ငံများမှာ မျက်နှာပန်း မလှ ဖြစ်ရသည်။
ထို့ကြောင့် ဗီယက်နမ်သည် မြေပြင် ဂြိုဟ်တုပုံရိပ် များနှင့် စစ်ရေး အကူအညီ များကို ရယူချင်နေသည်။ ရုရှားကိုလည်း သံတမန်ရေးအရ ပိုမို တိုးမြှင့်သည်။ အိန္ဒိယ ကိုလည်း စီးပွားရေးနှင့် စစ်ရေးကိုပါ နှစ်ဆတိုး ဆက်ဆံသည်။ အိန္ဒိယက ပေးသည့် အကူအညီ မှန်သမျှကို ဗီယက်နမ်က ယူသည်။ ယခု အခြေအနေ သည် ဗီယက်နမ်အတွက် ပေးသမျှ အကူအညီကို ယူရမည့် အခြေအနေ လည်း ဖြစ်နေသည်။
အိန္ဒိယသည် G20 အစည်းအဝေးတွင် တောင်တရုတ် ပင်လယ်ပြင် အရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေး တို့ကို အဓိကထား ဆွေးနွေးခဲ့သည်။ ထို့ပြင် ကာကွယ်ရေး အတွက် စစ်ရေး အသုံးစရိတ် ကိုလည်း အမေရိကန် ဒေါ်လာသန်း ၁ဝဝ အထိ ချေးငွေ ပံ့ပိုးပေးဦးမည်။ ကမ်းခြေစောင့် စစ်သင်္ဘော တစ်စင်းကိုလည်း အိန္ဒိယက ဗီယက်နမ်ကို ပေးအပ်ဦးမည် ဖြစ်သည်။
အိန္ဒိယသည် အရှေ့မျှော် မူဝါဒကို စတင်ကျင့်သုံးသည့် အချိန်မှစ၍ ၀န်ကြီးချုပ် မိုဒီ ကိုယ်တိုင် အာဆီယံနိုင်ငံ များကို ဆက်ဆံရေး ပိုမိုတိုးမြှင့် သွားလာနေသည်။ အာဆီယံ၏ စီးပွားရေး ညီလာခံ မှန်သမျှကို အလေးပေး တက်ရောက် ခဲ့သည်။ စီးပွားရေး သဘောတူညီ ချက်များ လက်မှတ်ရေးထိုး သကဲ့သို့ ချေးငွေများကို လည်းပေးသည်။ တရုတ်တို့ ယခင်က အာဆီယံနိုင်ငံ များ၌ ကျင့်သုံးခဲ့သည့် လမ်းစဉ်များ အတိုင်းပင် အိန္ဒိယတို့ ကလည်း အာဆီယံနှင့် တခြားနိုင်ငံ များကို တိုးတက်လာသော သူ၏ စီးပွားရေး အင်အားကို အသုံးချကာ ဝင်လာခဲ့သည်။
အိန္ဒိယတို့ အာဆီယံကို ဝင်မည့် အဓိက ပစ်မှတ်နိုင်ငံသည် ဗီယက်နမ် ဖြစ်သည်။ ဗီယက်နမ်သည် တောင်တရုတ် ပင်လယ်ပြင် ကြောင့် တရုတ်နှင့် စီးပွားရေးအရ မဖြစ်မနေ ဆက်ဆံနေရ သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေးသည် စစ်ရေးအရ ပိုမိုတင်းမာ နေသည့် အနေအထားများ ရှိနေသည်။ တရုတ်တို့သည် ဗီယက်နမ်၏ စီးပွားရေးကို ရာခိုင်နှုန်း အတော်များများ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ရေနံလုပ်ငန်းများ၊ အထည်အလိပ် လုပ်ငန်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများသည် ဗီယက်နမ်၌ တရုတ်တို့၏ အဓိက ပိုင်ဆိုင်သည့် အခန်းကဏ္ဍများ ဖြစ်သည်။ ယခု ထိုနေရာများသို့ အိန္ဒိယတို့ တဖြည်းဖြည်းဖြင့် တိုးမြှင့်ဝင်ရောက် လာသည်။ ဗီယက်နမ်သည် မကြာမီကပင် ဆီထုတ်လုပ်ရေး လုပ်ငန်းများတွင် အိန္ဒိယ နှင့် ဒေါ်လာသန်းပေါင်း များစွာတန်သော စာချုပ်များကို ချုပ်ဆိုထား နိုင်နေပြီ ဖြစ်သည်။ ထို့ကြောင့် တရုတ်တို့၏ သတိပေးမှု များကို ခံခဲ့ရသည်။ ယခုတစ်ကြိမ်တွင် အိန္ဒိယကို တရုတ်၏ သတိပေးမှုသည် ဒုတိယအကြိမ် ဖြစ်သည်။ ပထမဆုံး အကြိမ်က တောင်တရုတ် ပင်လယ်ပြင် အရေးကို အိန္ဒိယတို့ ဝင်ပါစဉ် တရုတ်တို့က အိန္ဒိယကို ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။ ယခု တစ်ကြိမ်တွင် ဗီယက်နမ်၏ စီးပွားရေး စနစ်ထဲသို့ အိန္ဒိယတို့ တိုးမြှင့်ဝင်ရောက် လာချိန်တွင် တရုတ်တို့သည် ၄င်းတို့၏ စီးပွားရေး အထိနာမည် ဖြစ်သောကြောင့် ထပ်မံ သတိပေး ထားပြန်သည်။
ယခုအခါ အိန္ဒိယနှင့် ဗီယက်နမ်တို့၏ သဘောတူညီချက် များသည် အချက် ၁၂ ချက်အထိ ထပ်မံပေါင်းထည့် နိုင်ခဲ့ပြန်သည်။ ကမ္ဘာ့စီးပွားရေး ပြန်လည်နိုးကြား လာရေး အတွက်ဟု ခေါင်းစဉ်တပ်ကာ တရုတ်တွင် ကျင်းပခဲ့သော G20 အစည်းအဝေးတွင် အိန္ဒိယနှင့် ဗီယက်နမ်တို့ သဘောတူညီချက် များရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အိန္ဒိယသည် ဗီယက်နမ်၌ ဂြိုဟ်တု အခြေစိုက်စခန်း တစ်ခု မကြာမီ တည်ဆောက် ပေးတော့မည် ဖြစ်သည်။
ကောင်းကင်ဂြိုဟ်တု ဓာတ်ပုံများကို အဓိက ရရှိမည့် အိန္ဒိယ၏ အကူအညီသည် ဗီယက်နမ် အတွက် တရုတ်တို့၏ လှုပ်ရှားမှု များကိုလည်း သိရှိရမည် ဖြစ်သည်။ ၅၄ နှစ် သက်တမ်းရှိသော အိန္ဒိယ၏ အာကာသ စီမံကိန်းများသည် ဗီယက်နမ်တို့ အတွက် အပြည့်အဝ ယုံကြည်အားကိုး၍ ရသည်။ ကမ္ဘာပတ် လမ်းကြောင်းတွင် ကမ္ဘာ မြေပြင် ပုံရိပ်များကိုသာ လေ့လာရိုက်ကူး ထားသော ပုံရိပ်များကို ပေးပို့သည့် ဂြိုဟ်တုမှာ အိန္ဒိယတို့တွင် ၁၃ စင်းရှိသည်။ ထိုဂြိုဟ်တုများ မျှဝေ အသုံးပြုခွင့်ကို ဗီယက်နမ်တို့ ရရှိမည် ဖြစ်သည်။ ထို့ပြင် အိန္ဒိယ အကူအညီဖြင့် ဗီယက်နမ်သည် ဂြိုဟ်တုများ လွှတ်တင်နိုင်ရန် စီစဉ်ထားသည်။ ၂ဝ၁၄ ခုနှစ်မှ အရှိန်အဟုန် မြှင့်ကာ အဆင့်မြှင့်တင် ခဲ့သော အိန္ဒိယနှင့် ဗီယက်နမ် စီးပွားရေးသည် အချိန်တိုအတွင်း အမေရိကန် ဒေါ်လာ ဘီလီယံ ရာနှင့်ချီကာ ရောက်ရှိရန် ပစ်မှတ်ထားပြီး ခံနေရသည်။
ကာကွယ်ရေး၊ လုံခြုံရေးနှင့် စီးပွားရေး ကဏ္ဍများ အားလုံးကို အိန္ဒိယတို့ ဝင်ရောက်နိုင်ရန် ကြိုးစားခဲ့သည့် အတိုင်း ယခုအခါ အိန္ဒိယတို့ ရာခိုင်နှုန်း အတော်များများ ကို သူတို့ပစ်မှတ် အတိုင်း ပိုင်ဆိုင်ထား နေပြီဖြစ်သည်။ ရုရှားက စစ်ရေးအရ ဗီယက်နမ်၌ နေရာရ နေသော်လည်း စီးပွားရေးအရ ပိုင်ဆိုင်မှု ရှိသည်ဟု မဆိုနိုင်သေးပါ။ သို့သော် အိန္ဒိယကတော့ စစ်ရေးအရရော စီးပွားရေး အရပါ ဗီယက်နမ်၌ နေရာရနေပြီ ဖြစ်သည်။ ထို့ကြောင့် ယခင်က တရုတ်တို့ ဂရုစိုက်စရာ မလိုခဲ့သော အိန္ဒိယသည် ယခု အကြီးမားဆုံး ပြိုင်ဘက်ကြီး တစ်ခုဖြစ်လာ လျက်ရှိသည်။ ဗီယက်နမ် သာမက လာအိုနှင့် ကမ္ဘောဒီးယား တို့ကဲ့သို့ တရုတ်ပိုင် သည်ဟု ဆိုသောနိုင်ငံ များကိုလည်း အိန္ဒိယတို့က အရှိန်မြှင့်ပြီး တိုးမြင့် လာနေပြီး ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။
မြ၀တီနေ့စဉ် ၊ စာ(၂၄)
No comments:
Post a Comment