www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 4, 2016

အလုပ်လုပ်ရင်း ပညာသင် ၊ ပညာသင်ရင်း အလုပ်လုပ်


အလုပ်လုပ်ရင်း ပညာသင် ၊ ပညာသင်ရင်း အလုပ်လုပ်

မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနနှင့် ကုလသမဂ္ဂ ပညာ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO တို့ပူးပေါင်း၍ ကျောင်းပြင်ပ အလယ်တန်း ပညာရေး အစီအစဉ်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ မွန်ပြည်နယ် ကျိုက်ထိုမြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နှင့် လှိုင်သာယာ မြို့နယ်တို့တွင် သြဂုတ် ၁ ရက်မှစတင် ဖော်ဆောင်လျက် ရှိသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တွင် ၂ဝ၁၄ ခုနှစ်က ကောက်ယူခဲ့သော လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း အရ အထက်ပါ တိုင်းဒေသကြီး များနှင့် ပြည်နယ်များ အလိုက်ရှိသော စာတတ်မြောက် မှုမှာ ကချင်ပြည်နယ် ၉၁ ဒသမ ၇ ရာခိုင်နှုန်း၊ ကယားပြည်နယ် ၈၂ ဒသမ ၁ ရာခိုင်နှုန်း၊ မွန်ပြည်နယ် ၈၆ ဒသမ ၆ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ် ၈၄ ဒသမ ၇ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်း ဒေသကြီး ၉၆ ဒသမ ၆ ရာခိုင်နှုန်း အသီးသီး ရှိကြသည်။

အာဆီယံနိုင်ငံ များ၏ စာတတ်မြောက်မှု နှုန်းမှာ စင်ကာပူ ၉၅ ဒသမ ၉ ရာခိုင်နှုန်း နှင့် အများဆုံး ဖြစ်ပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့ အစဉ်လိုက် ၉ဝ ရာခိုင်နှုန်းကျော် ရှိကြသည်။ 

စာတတ်မြောက်မှု ၉ဝ ရာခိုင်နှုန်း အောက်ရှိသော နိုင်ငံများမှာ မြန်မာနိုင်ငံ ၈၉ ဒသမ ၅ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား နိုင်ငံ ၇၃ ဒသမ ၉ ရာခိုင်နှုန်း နှင့် လာအိုနိုင်ငံ ၇၂ ဒသမ ၇ ရာခိုင်နှုန်း အသီးသီး ရှိကြသည်။

အိမ်နီးချင်း နိုင်ငံများမှ အိန္ဒိယ နိုင်ငံတွင် ၆၂ ဒသမ ၈ ရာခိုင်နှုန်း ရှိပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ၅၉ ရာခိုင်နှုန်း ရှိကြောင်း သိရသဖြင့် ၄င်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ စာတတ်မြောက်မှုနှုန်း မြင့်မားကြောင်း တွေ့ရသည်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ထုတ်ပြန် ထားသော ၁၉၄၈ ခုနှစ် လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်၂၆ တွင် ကလေး သူငယ်တိုင်း မူလတန်း ပညာကို မသင်မနေရ၊ ပညာသင်ယူရေး အတွက် အခမဲ့ပညာ သင်ကြားခွင့် ရစေရမည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ အခြေခံပညာ အဆင့်တွင် အားလုံးအခမဲ့ ပညာရေး စနစ်ကို ကျင့်သုံးလျက် ရှိသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမတက် နိုင်သည့် ကလေးသူငယ် များရှိရာမှ ယခုအချိန်တွင် ကျောင်းပြင်ပ ပညာရေး စနစ်ကြောင့် ကလေးသူငယ် ၆၅ဝဝ ကျော်တို့ ပညာ သင်ကြားခွင့် ရရှိနေကြသည်။

ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်၌ ကျောင်းပြင်ပ မူလတန်း ပညာရေးကို ၂ဝ၁၁-၂ဝ၁၂ မှစတင် အကောင်အထည် ဖော်ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် အခြေစိုက်စခန်း ခြောက်ခုဖွင့်၍ ဆက်လက် အကောင်အထည် ဖော်လျက်ရှိရာ ကျောင်းပြင်ပ မူလတန်းပညာ သင်ကြားနေသူ စုစုပေါင်း ၂၁ဝ ခန့်ရှိသည်။ ကျောင်းပြင်ပ အခြေခံ ပညာ အလယ်တန်း ပညာရေးအတွက် မူလတန်း အောင်မြင်ပြီး သူများကို ကျောင်းသုံး ပစ္စည်းနှင့် ကျောင်းဝတ်စုံများအခမဲ့ ထောက်ပံ့ပေးပြီး စာသင်ချိန်ကို ညနေ ၃ နာရီမှ ၅ နာရီခွဲအထိ ဖွင့်လှစ်သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။

ကျောင်းပြင်ပ မူလတန်းနှင့် အလယ်တန်း ပညာရေးတို့သည် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမတက် နိုင်သော ကလေးသူငယ် များ၏ အနာဂတ်အတွက် တိုးတက်ရာ တိုးတက်ကြောင်း လမ်းခင်းပေးသော အစီအစဉ် ဖြစ်သဖြင့် မိဘ အုပ်ထိန်းသူ များနှင့် လုပ်ငန်းခွင်ရောက် ကလေးသူငယ် များ၏ လုပ်ငန်းရှင် တို့ကလည်း ပူးပေါင်းပါဝင် ကြရန်လိုအပ် သကဲ့သို့ ပညာသင်ယူခွင့် ရရှိကြသော ကလေးသူငယ် များကလည်း အခွင့်အရေးကို လက်မလွတ်တမ်း ရယူကြရမည် ဖြစ်သည်။ ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ်လုပ်ရင်း ပညာသင်ယူကြ သူများနှင့် ပညာသင်ရင်း အချိန်ပိုင်း အလုပ်လုပ် နေကြသူများကို  နမူနာ ယူကြရ ပေမည်။

သို့ဖြစ်၍ ကျောင်းပြင်ပ ပညာရေးကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူကာ ကျောင်းနေခွင့် မရသော ကလေးသူငယ်များ ပညာသင်ကြားခွင့် ရရေး အားလုံးဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေး ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရ ပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger