ကန့်ဘလူ ၊ ၇-၆-၂၀၁၆
စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ပြီးခဲ့သည့် သုံးနှစ်ခန့်မှစ၍ တိရစ္ဆာန်များ ရှားပါးလာသဖြင့် နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်မှု နည်းပါး လာသောကြောင့် ဇွန်လဒုတိယပတ်မှ စ၍ နိုင်ငံခြားခရီးသွား ဧည့်သည်များ လည်ပတ်မှု များစေရန် ရွှေသမင် အပါအဝင် တခြား တိရစ္ဆာန်များကို စီမံချက်ဖြင့် ထိန်းသိမ်း စောင့်ရှောက်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
''နိုင်ငံခြားခရီးသွား ဧည့်သည်တွေက ရွှေသမင်တွေကို အထူးစိတ်ဝင်စား ကြတယ်။ ဒီဘေးမဲ့တော ထဲမှာ ရွှေသမင် အကောင်ရေ ၂ဝဝ ကျော် ကျန်ရှိ နေပါသေးတယ်။ ဒါကြောင့် နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ ရွှေသမင် လာရောက် ကြည့်ရှုရင်းနဲ့ လည်ပတ်မှု များအောင်၊ ပြီးတော့ တခြား တိရစ္ဆာန်တွေကို လက်ရှိ ထက်လျော့ မသွားအောင် စီမံချက်ချပြီး ထိန်းသိမ်း စောင့်ရှောက်မှု ပြုလုပ်သွားမှာပါ'' ဟု အဆိုပါတော ၏ ထိန်းသိမ်း စောင့်ရှောက်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်း ဘေးမဲ့တောတွင် နွယ်၊ မြက်၊ သစ်ပင် ၃ဝ၁ မျိုး၊ ငှက်မျိုးစိတ် ၂၂၄ မျိုး၊ လိပ်ပြာ ၅၇ မျိုး၊ ကုန်းသတ္တဝါ ၃၇ မျိုးနှင့် နို့တိုက်သတ္တဝါ ၂၁ မျိုးရှိကြောင်း စစ်တမ်းများ အရ သိရသည်။
အဆိုပါ ဘေးမဲ့တော ထဲတွင် အမဲလိုက် မုဆိုးများကြောင့် တိရစ္ဆာန်များ ထပ်မံ လျော့နည်းမှုများ မရှိစေရန် ကာလရှည် စီမံချက်ဖြင့် ထိန်းသိမ်း စောင့်ရှောက်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘေးမဲ့တောသို့ ဝင်ရောက်၍ အမဲလိုက်သူ များအား ဥပဒေအရ ပြင်းပြင်း ထန်ထန် အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။ (သီရိ)
မြဝတီနေ့စဉ် ၊ စာ(၆)
#Themyawadydaily






No comments:
Post a Comment