www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 2, 2016

ပြောင်းလဲချိန်တန်ပြီ ပြောင်းလဲကြရမည်


ပြောင်းလဲချိန်တန်ပြီ ပြောင်းလဲကြရမည်

အောင်မြင်မှုဟူသည် အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ တန်ဖိုးပေး စနစ်ဖြင့် အလဲအလှယ် ပြုရသည့် လောကတွင် တန်ဖိုးမြှင့်လိုသမျှ အရည်အချင်း မနိမ့်ရန် လိုအပ်သည်။ ခေတ် ၏ တောင်းဆိုမှုအရ ညံ့သူတို့နောက် သွား၍ တော်သူများရှေ့က ဦးဆောင်ကြရမည် ဖြစ်သည်။

ကိစ္စရပ်တိုင်းတွင် ကျွမ်းကျင်မှု ရှိမှသာ ယုံကြည်မှု ရတတ်သည်။ အောင်မြင်ရမည်ဟု ယုံကြည်သူ အတွက် အောင်မြင်နိုင်သည့် အရည်အချင်းကို အမြဲဖြည့်ဆည်း နေရမည် ဖြစ်သည်။ အကျိုးပေး အကြောင်းထင် အောင်မြင်သူ တို့၏ ပြုလုပ်မှု အဆင့်ဆင့်တွင် အောင်မြင်ခြင်း လမ်းကြော င်းပေါ်သို့ ရောက်ရှိရန် အရည်အချင်း လိုအပ်သည်။ လူမှန်သမျှ အချိန်ကာလ ဟူသော ရဟတ်ကို စီးနေကြရသည်။ ကာလရာသီ အရွယ်အလိုက် ခံစားခြင်း အမျိုးမျိုး ဖြစ်ပေါ်နေကြ ပေမည်။

လောကလူသားတိုင်း မပျင်းဘူးသူ မရှိ၊ မဖျင်းဘူးသူ မရှိ၊ မပျော်မွေ့မှု၊ ပျော်မွေ့မှု အပါအဝင် နေ့စဉ်ပြောင်းလဲ ခံစားနေကြရ သည်။ သို့သော် အဆိုးအကောင်း၊ အနိမ့်အမြင့်၊ ဆန့်ကျင် ရုန်းကန်မှု အဆင့်တွင် အကောင်းဖြစ်သော အကျင့်ကို ဆန့်ကျင်ရုန်းကန် ပါက အဆိုးဘက်သို့ ဦးတည်၍၊ အဆိုးကို ရုန်းကန် ဆန့်ကျင်ပါက အကောင်းဘက်သို့ ဦးတည်သွားစမြဲ ဖြစ်သည်။

မြန်မာနိုင်ငံသည် စနစ်ဟောင်းကို ရုန်းကန် ဆန့်ကျင်၍ စနစ်သစ်ဖြင့် လောကသစ်သို့ ဦးတည် လျှောက်လှမ်းလျက် ရှိသည်။ ထိုသို့ လျှောက်လှမ်းရာတွင် အကောင်းဖြစ်သော အကျင့်ကို ရုန်းကန် ဆန့်ကျင်မှုမျိုး မရှိရန် လိုသည်။ ဒီမိုကရေစီ စနစ်ဖြင့် လူ့ဘောင်သစ်ကို ဖော်ဆောင်ရာတွင် လွတ်လပ်ခြင်းကို ဖော်ညွှန်း သော်လည်း စည်းကမ်းမဲ့ခြင်းကို မဖော်ဆောင်ပေ။ သို့သော် လွတ်လပ်ခြင်းနှင့် စည်းကမ်းမဲ့ခြင်း တို့ကို ရောယှက်၍ နေရာ အတော်များများ၌ တွေ့နေရသည်။

မကြာမီရက်ပိုင်းက နယ်ဘက်တွင် ကားလမ်းပေါ်၌ ပြောင်းပင်များခင်း၍ ကားများ နင်းကြိတ် သွားချိန်တွင် နွားဖြင့် နယ်စရာမလိုတော့ ဟူ၍ ကားလမ်းပေါ်၌ ပြောင်းရိုး ခင်းခြင်းသည် စည်းကမ်းမဲ့မှုသာ ဖြစ်သည်။ မိမိ အကျိုးအတွက် အများပြည်သူ အနှောင့်အယှက် ဖြစ်ရခြင်းသည် လွတ်လပ်မှုမဟုတ် စည်းကမ်းမဲ့မှုသာ ဖြစ်သည်။ တစ်ချိန်က လွတ်လပ်ရေး ရပြီဆို၍ လမ်းပေါ်၌ ဆေးရွက်လှန်းသည့် ဖြစ်စဉ်ဖြစ်ခဲ့ရာ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း က လွတ်လပ်ပြီ ဆို၍ လုပ်ချင်တိုင်း လုပ်၍ မရကြောင်း သတိပေး ပြောကြား ခဲ့ရသည်။

သို့သော်လည်း ထိုသို့သော ဗိုလ်ချုပ်၏ မိန့်မှာချက်ကို မြန်မာ ပြည်သူများ လိုက်နာမှု အားနည်းနေဆဲ ရှိနေသည်။ မြန်မာ ပြည်သူများ စည်းကမ်း ရှိကြပါ။ စည်းလုံးညီညွတ် ကြပါဟု ဗိုလ်ချုပ် အောင်ဆန်းက မှာကြားခဲ့သည်။ ထိုမိန့်မှာစကား အတိုင်း လိုက်နာကြရန် လိုသည်။

ယနေ့ကာလ၌ ပြောင်းလဲချိန်တန်ပြီ ဟူသော စကားကို နေရာအတော် များများ၌ ကြားနေ ရသည်။ ထိုစကား အမှန်ပင်ဖြစ်၏။ မြန်မာပြည်သူ တစ်ရပ်လုံး အနေဖြင့် စည်းကမ်းမဲ့ လုပ်ရပ်များ အစား စည်းကမ်းရှိရှိ တာဝန်သိသိ လုပ်ရပ်များဖြင့် ပြောင်းလဲရမည် ဖြစ်သည်။ ထို့အတူ သူတစ်လူ ငါတစ်မင်း အချင်း များနေသည့် လုပ်ရပ်များအစား တစ်ဦးနှင့် တစ်ဦး နားလည်စာနာမှု၊ ရိုင်းပင်းမှု များဖြင့် စည်းလုံး ညီညွတ်သည့် လုပ်ရပ်များ အဖြစ် ပြောင်းလဲ ကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger