ရန်ကုန် ၊ ၂၅-၁၁-၂၀၁၅
ရန်ကုန်မြို့၏ လူဦးရေသည် မကြာသေးမီက ထုတ်ပြန်ခဲ့သော သန်းခေါင်စာရင်း အရ ၇ ဒသမ ၉ သန်းရှိပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် ၁ဝ သန်းဝန်းကျင် ရှိလာမည် ဖြစ်သဖြင့် လူဦးရေ တိုးပွားလာမှုနှင့် မြို့သစ် ချဲ့ထွင်မှု များကြောင့် လာမည့် ၂ဝ၄ဝ ပြည့်နှစ်တွင် အရှေ့တောင် အာရှရှိ အကြီးဆုံးမြို့ကြီး များထဲတွင် တစ်မြို့ ဖြစ်လာမည် ဖြစ်ကြောင်း မြို့ပြဆိုင်ရာ ကျွမ်းကျင်သူများက ခန့်မှန်း ကြသည်။
''လာမယ့်နှစ် တွေမှာ ရန်ကုန်မြို့ လူဦးရေတွေ များပြားလာပြီး နေရာ လိုအပ်ချက်တွေ များလာ ပါလိမ့်မယ်။ အဲဒါနဲ့အတူ လေထု ညစ်ညမ်းမှုတွေ၊ ယာဉ်ကြော ကျပ်တည်းမှုတွေ များလာပါလိမ့်မယ်။ လူဦးရေ သိပ်သည်းဆ များလာတာနဲ့ အတူ အိမ်ရာ လိုအပ်ချက်တွေ များလာ ပါလိမ့်မယ်။ ဒါကြောင့် ရန်ကုန်မြို့ကို ရေရှည် တည်တံ့ဖို့ အေးချမ်း သာယာလှပပြီး နေချင်စဖွယ် ဖြစ်တဲ့မြို့ ဖြစ်လာအောင် တက်ညီလက်ညီ ပူးပေါင်းကြဖို့ လိုအပ်ပါတယ်'' ဟု ရန်ကုန် မြို့တော်ဝန် ဦးလှမြင့် က ပြောသည်။
ယခုအခါ ရန်ကုန်မြို့၌ လူဦးရေ များပြား လာမှုကြောင့် မြို့သစ်ချဲ့ရန် ဒလ၊ သန်လျင်၊ လှည်းကူး၊ ထန်းတပင်၊ မှော်ဘီ၊ ရန်ကုန် အရှေ့မြောက်နှင့် ရန်ကုန် အနောက်တောင် ဘက် စုစုပေါင်း ခုနစ်နေရာ လျာထားပြီး တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြ ထားကြောင်း သိရသည်။
ထို့ပြင် Zoning Plan များရေးဆွဲပြီး ရှေးဟောင်း အဆောက်အအုံ ကာကွယ်ရေး၊ အထပ်မြင့် အဆောက်အအုံများ ထိန်းချုပ်ရေးနှင့် သဘာဝပတ် ဝန်းကျင် ထိခိုက်မှုမရှိစေရေး စီစဉ်လျက် ရှိကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း သည် ကျေးလက်ဒေသ တွင်နေထိုင်လျက် ရှိပြီး ၃ဝ ရာခိုင်နှုန်းသာ မြို့ပြတွင် နေထိုင်ကြသည်။ ၂ဝ၅ဝ ပြည့်နှစ်၌ မြို့ပြ၌ နေထိုင်သည့် လူဦးရေသည် ၅၈ ရာခိုင်နှုန်း အထိ များပြားလာပြီး ကျေးလက် ဒေသ တွင် နေထိုင်သည့် လူဦးရေသည် ၄၂ ရာခိုင်နှုန်း ခန့်သာ ရှိမည်ဖြစ်ကြောင်း ကမ္ဘာ့မြို့ပြတွင် နေထိုင်မှု ခန့်မှန်းရေး အဖွဲ့မှ ခန့်မှန်းထားသည်။
ယမန်နှစ် ကလည်း ရန်ကုန်မြို့သည် အာဆီယံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ရေရှည် ဖွံ့ဖြိုးသော မြို့ကြီးများ အဖွဲ့ (AWGESC) မှ ပေးအပ်သော The 3rd ASEAN ESC Award ဆုကို ရရှိခဲ့ကြောင်း သိရသည်။ (၄၄၇)
မြ၀တီနေ့စဉ် ၊ စာ(၃)






No comments:
Post a Comment