www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 24, 2015

မြန်မာ့ပျားရည် ထုတ်လုပ်မှု တိုးတက်ရေး တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ ငါးနှစ်အတွင်း ပျားအုံ ၁၀ သိန်းကျော် မွေးမြူနိုင်ရန် ဆောင်ရွက်သွားမည်



မန္တလေး ၊ ၂၄-၈-၂၀၁၅

မြန်မာ့ပျားရည်သည် သဘာဝ ပျားရည်အစစ် ဖြစ်သောကြောင့် နိုင်ငံတကာ ဈေးကွက်တွင် နေရာရရှိပြီး ဖြစ်သော်လည်း ထုတ်လုပ်မှု ပမာဏအနေဖြင့် နိုင်ငံတကာ ဈေးကွက်၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မှု မရှိသေးကြောင်း ပျားရည်ကုန်သည် တစ်ဦး၏ ပြောပြချက် အရ သိရသည်။

မြန်မာ့ပျားရည်ကို ဆေးဝါးလုပ်ငန်းများ၊ အလှကုန် ပစ္စည်း လုပ်ငန်းများတွင် အများဆုံး အသုံးပြု ကြကြောင်းနှင့် မြန်မာနိုင်ငံတွင် သဘာဝ အရင်းအမြစ် များစွာ ရှိသော်လည်း ပျားကို စနစ်တကျ မွေးမြူ၍ စီးပွားဖြစ် လုပ်ကိုင်သူ နည်းပါးလျက် ရှိကြောင်း ၊ ထို့ကြောင့် နိုင်ငံတကာ ဈေးကွက်တွင် မြန်မာ့ပျားရည် ကို အကြိုက်များ၍ မှာယူမှုများ ရှိသော်လည်း မှာယူသည့် အတိုင်း ပေးပို့နိုင်ခြင်း မရှိသေးကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

ထိုသို့ ပျားရည် ထုတ်လုပ်မှု လိုအပ်ချက်များ ရှိနေသည့် မြန်မာ့ပျားရည် ထုတ်လုပ်မှု လုပ်ငန်းများကို မြန်မာ့ပျား လုပ်ငန်းဦးစီး ဌာနမှ တိုးတက်ဖွံ့ဖြိုး လာစေရန် တရုတ်နိုင်ငံနှင့် ချိတ်ဆက် ဆောင်ရွက်လျက် ရှိကြောင်း ယခုနှစ် သြဂုတ်လထိ မြန်မာနိုင်ငံတွင် မွေးမြူလျက် ရှိသည့် ပျားအုံ အရေအတွက် မှာ တစ်သိန်းကျော်သာ ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် ပူးပေါင်း ချိတ်ဆက်၍ ဆောင်ရွက်မည့် စီမံချက်တွင် ငါးနှစ်အတွင်း ပျားအုံ ၁ဝ သိန်းကျော် မွေးမြူနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ပျားလုပ်ငန်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင် က ပြောပြသည်။

''ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်နိုင်ငံ က ဖိတ်ခေါ်တဲ့ အတွက် ဌာန ကိုယ်စားပြုပြီး စီချွမ် ပြည်နယ်ကို လေ့လာရေး သွားခဲ့ပါတယ်။ စီချွမ် ပြည်နယ် တစ်ခုထဲ မှာတင် ပျားအုံ အရေအတွက် သုံးသိန်းကျော် ရှိပြီးတော့ တစ်နှစ်ဝင်ငွေ အမေရိကန်  ဒေါ်လာ တစ်ဘီလီယံ ရှိတယ်လို့ သိခဲ့ရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ တစ်နိုင်ငံလုံး မှာမှ မွေးမြူရေး ပျားအုံ တစ်သိန်းကျော် ပဲရှိပြီး မန္တလေးတိုင်း ဒေသကြီး အနေနဲ့ မွေးမြူရေး ပျားအုံ ငါးသောင်း ကျော် ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ပျားလုပ်ငန်းအတွက် အခြေခံ လိုအပ်ချက် ဖြစ်တဲ့ သစ်တော ၊ သစ်ပင် ၊ စိုက်ခင်းတွေ လုံလုံလောက်လောက် ရှိရဲ့နဲ့ ပျားလုပ်ငန်းကို တိုးချဲ့ မလုပ်ကိုင် နိုင်သေးတာကို တိုးချဲ့ လုပ်ကိုင်ဖို့ စီစဉ် နေပါတယ် '' ဟု ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။ (၁၄၆)

ရတနာပုံနေ့စဉ် ၊ စာ(၁)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger