www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 23, 2015

မော်တော်ယာဉ် အစီးရေ ငါးသန်းအထိ တင်သွင်းပြီး ဖြစ်သော်လည်း ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူ သုံးသန်းခန့်သာရှိ



ရန်ကုန် ၊ ၂၃-၇-၂၀၁၅

ယခုနှစ် မေ ၁၈ ရက်အထိ မော်တော်ယာဉ် အစီးရေ ငါးသန်းခန့် တင်သွင်းခွင့်ပြု ထားပြီး ဖြစ်သော်လည်း ယာဉ်မောင်း လိုင်စင် ကိုင်ဆောင်ထားသူ ဦးရေမှာ သုံးသန်းခန့်သာ ရှိနေပြီး လိုင်စင်မဲ့ ယာဉ်မောင်းများ များပြားလျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ အတွင်းရေးမှူး ဦးဘမြင့် က ပြောသည်။

ရန်ကုန်မြို့တွင်းရှိ ကိုယ်ပိုင်ယာဉ် မောင်းနှင်သူများ အနက်မှ သုံးပုံတစ်ပုံ ခန့်နှင့် စီးတီးတက္ကစီ ယာဉ်မောင်း များ၏ သုံးပုံတစ်ပုံ ခန့်မှာ ယာဉ်မောင်း လိုင်စင်မရှိဘဲ မောင်းနှင် နေခြင်း ဖြစ်ကြောင်း သိရသည်။ ညပိုင်း
မောင်းနှင်သည့် စီးတီးတက္ကစီ ယာဉ်မောင်း များမှာ လိုင်စင်မဲ့ ယာဉ်မောင်းများ ဖြစ်ပြီး ခရီးသည်တင် ယာဉ်မောင်းများ တွင်လည်း အများစုမှာ ယာဉ်မောင်း လိုင်စင် ပိတ်သိမ်း ခံထားရ သူများနှင့် ယာဉ်နောက်လိုက် အများစုမှာ ယာဉ်မောင်း အဖြစ် ဝင်ရောက် လုပ်ကိုင် နေသော်လည်း ခရီးသည်တင် ယာဉ်မောင်း လိုင်စင် ကိုင်ဆောင် ထားခြင်း မရှိကြောင်း သိရသည်။

တချို့သော မော်တော်ယာဉ် မောင်းများမှာ မြို့တွင်း၌ သင်မောင်း လိုင်စင်ဖြင့် မော်တော်ယာဉ် မောင်းနှင် နေသူများ ရှိပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့် မော်တော်ယာဉ် မောင်းနှင်သူများ သိရှိရမည့် စည်းကမ်းချက် များကိုလည်း သိရှိမှု အားနည်း နေခြင်းကြောင့် မြို့တွင်းရှိ ယာဉ်မောင်း အများစုမှာ စည်းကမ်း ဖောက်ဖျက်မှု များကို ကျူးလွန်လျက် ရှိသည်။

''က-ည-န က ညွှန်ကြားရေးမှူး တစ်ယောက် က ပြောတယ်။ ဒီနှစ် မေ ၁၈ ရက်အထိ တင်သွင်းထားတဲ့ မော်တော်ယာဉ် အစီးရေက ငါးသန်းလောက် တင်သွင်းပြီး ထားပြီ။ ဒါပေမဲ့ ယာဉ်မောင်း လိုင်စင် ကိုင်ဆောင် ထားသူဦးရေ က သုံးသန်း လောက်ပဲ ရှိတယ်။ နှစ်သန်း လောက်က ယာဉ်မောင်းလိုင်စင် မရှိဘဲ မောင်းနှင် နေတာ ဖြစ်မယ်။ ဒီမှာ ယာဉ်မောင်းလိုင်စင် မရှိဘဲ မောင်းနှင်သူ တွေက များလာတယ်။ လိုင်စင်မဲ့ ယာဉ်မောင်း ပါဝင်မှုက ၄၇ ရာခိုင်နှုန်း လောက်အထိ ရှိနေတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့် မော်တော်ယာဉ် မောင်းနှင်သူများ လိုက်နာရမည့် စည်းကမ်းချက် များကို မသိရှိဘဲ ယာဉ်မောင်းနှင် သူများနှင့် လိုင်စင်မဲ့ ယာဉ်မောင်းများ ပိုမိုများပြား လာခြင်းကြောင့် ယာဉ် မတော်တဆမှု ဖြစ်စဉ်များ မြင့်တက် လာနိုင် သည့်အပြင် ယာဉ်ကြော ကျပ်တည်းမှုများ ကိုပါ ဖြစ်ပေါ် စေနိုင်ကြောင်း ပညာရှင်များက သုံးသပ်သည်။

''တချို့ ယာဉ်မောင်း တွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တွေကို တိတိကျကျ မသိဘဲ ယာဉ်မောင်း နေကြတယ်။ အမှန်က ယာဉ်မောင်း လိုင်စင် ကိုင်ထားသူတွေ အနေနဲ့ စည်းကမ်းတွေကို တိတိကျကျ သိသင့်သလို၊ လိုက်နာ သင့်တယ်။ အခုက စည်းကမ်း ဖောက်ဖျက်မှု တွေကို လွယ်လွယ်နဲ့ ကျူးလွန် နေတယ်'' ဟု မ-ထ-သ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် က သုံးသပ် ပြောသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger