www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 4, 2015

ယဉ်ကျေးမှုမြစ်ဝှမ်း ဒေသရှိ ရှေးဟောင်းမြို့တော်များ ရေရှည်တည်တံ့ရေး အတွက် ထိန်းသိမ်းမှုများ လုပ်ဆောင်မည်



မန္တလေး ၊ ၄-၆-၂၀၁၅

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြစ်ဝှမ်းဟု ခေါ်တွင်နိုင်သည့် စမုံမြစ်ဝှမ်း ဒေသရှိ ရှေးဟောင်း မြို့တော်များ ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက် သွားရန် ရှိသည်ဟု ရှေးဟောင်း သုတေသန ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မြစ်သားမြို့နယ် စမုံမြစ်ဝှမ်း ဒေသရှိ ပင်လယ် (မိုင်းမော) မြို့ဟောင်း၊ ဝတီး (နွားထိုးကြီး) မြို့ဟောင်း တို့ကို ထိန်းသိမ်းမှုများ လုပ်ဆောင် သွားမည် ဖြစ်သည်။

ပင်လယ် (မိုင်းမော) မြို့ဟောင်းမှ တူးဖော် ရရှိသော အထောက်အထား လက်ရာများမှာ ပျူခေတ်ဟု ခန့်မှန်း တွက်ချက်ထားပြီး ဝတီးမြို့ဟောင်း သည်လည်း အလားတူ ဖြစ်ကြောင်း အဆိုပါ ဌာနမှ ပညာရှင် တစ်ဦးက
ပြောပြသည်။

အညာသား ယဉ်ကျေးမှု ဟုလည်း ခေါ်တွင်သည့် ၄င်းဒေသတွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ပုဂံခေတ် ယဉ်ကျေးမှု အထောက်အထား များကို မိုင်တိုင်အမှတ် (၃၄၉) အရှေ့ဘက် တစ်ဖာလုံခန့် အကွာတွင် မြေကြီးတူးရာ မှ မြေအိုးနှင့် ကျောက်ဖြစ် ရုပ်ကြွင်း အရိုးစုတွေ့ ရှိခဲ့ပြီး ရှေးဟောင်း သုတေသန ဦးစီးဌာန မန္တလေး ဌာနခွဲမှ ကွင်းဆင်း စစ်ဆေး နိုင်ခဲ့ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

''အထောက်အထား တွေက ကြေးခေတ်၊ သံခေတ်ဆိုဒ် လို့ အကြမ်းဖျင်း ယူဆထားတယ်။ လောလော ဆယ်တော့ ပင်လယ်နဲ့ မိုင်းမောက တူးဖော်ထားတဲ့ ပစ္စည်းတွေကို သိပ္ပံနည်းကျ သက်တမ်းခွဲတဲ့ လုပ်ငန်းတွေလဲ လုပ်ဆောင် သွားမှာပါ''ဟု ၄င်းက ဆက်လက် ရှင်းပြသည်။

ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနသည် ၂ဝ၁၅ ခုနှစ် အတွင်းတွင် ရှေးဟောင်း ဒေသဆိုင်ရာ ကွင်းဆင်း သုတေသန နှင့် တူးဖော် သုတေသန ပြုရန်၊ ရှေးဟောင်း သစ်သားကျောင်းများ ပြုပြင် ထိန်းသိမ်းရန်၊ ပျူ မြို့ဟောင်း သုံးမြို့ ဖြစ်သော ဟန်လင်း ၊ ဗိဿနိုး ၊ သရေ ခေတ္တရာ မြို့ဟောင်းတို့ကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ခံ ခဲ့ရပြီး လုပ်ငန်းစဉ် (၁၅)ခု လုပ်ဆောင် သွားရန် ရှိကြောင်း သိရသည်။ (၁၇၂)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger