www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 2, 2015

လူကြိုက်နည်း ဈေးကွက်မရှိသော သကြားသီး ကို လူကြိုက်များသီးနှံဖြစ်အောင် တီထွင်ကြံဆရန်လို



ပြင်ဦးလွင် ၊ ၂-၆-၂၀၁၅

ချင်းတောင်၊ တောင်ကြီး၊ ကလော၊ ရပ်စောက်၊ နောင်ချို၊ ပြင်ဦးလွင် စသည့် တောင်ပေါ် ဒေသထွက် သီးနှံများဖြစ်သည့် စတော်ဘယ်ရီ၊ လိမ္မော်၊ ထောပတ်သီး တို့ကို လူသိများပြီး ကြိုက်နှစ်သက်စွာ စားသုံးနေကြ သော်လည်း တောင်ပေါ် ဒေသထွက် သီးနှံတစ်မျိုး ဖြစ်သည့် သကြားသီး ကိုမူ စားသုံးသူ အလွန် နည်းပါးကြောင်း သိရသည်။

သကြားသီးပင် သည် နှစ်ရှည် အပင်ကြီး တစ်မျိုးဖြစ်ပြီး ပေ ၂ဝ ကျော်မှ ၃ဝ ကျော်ထိ မြင့်မားသည်။ အလုံး အရွယ်အစားမှာ မာလကာသီး အရွယ်အစားမျှ ရှိ၍ မိုးဦးကျ ရာသီတွင် တစ်ပင်လုံး ပြွတ်ခဲနေအောင် သီးတတ်သည်။

တောင်ပေါ်သီးနှံ ဖြစ်သည့် ထောပတ်သီးကို နွားနို့မှရရှိ ထုတ်လုပ်ထားသော ထောပတ်နှင့် အသွင်သဏ္ဌာန် တူညီသောကြောင့် လွယ်လွယ် ကူကူပင် ထောပတ်သီး ဟု ခေါ်ယူလိုက် သကဲ့သို့ သကြား သီးကိုလည်း အလွန်ချိုသည့် အရသာ ရှိသော သကြားနှင့် တင်စားကာ ခေါ်ယူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အမှန်ပင် သကြားသီးသည် အလွန်ချိုလွန်း သဖြင့် ကြိုက်နှစ်သက်သူ နည်းပါးပြီး အပင်ပေါ်၌ မမှည့်မီပင် အသီး အတွင်း၌ ပိုးဝင်ခြင်းများ ဖြစ်ပေါ်လေ့ ရှိကြသည်။ အိမ်ခြံဝင်းများ အတွင်း အလေ့ကျ ပေါက်ပင်ဟု ခေါ်ဆိုနိုင်ပြီး ပြုစု ထိန်းသိမ်း စောင့်ရှောက် စရာမလိုပေ။ တောင်ပေါ် ဒေသရှိ အိမ်ခြံဝင်းများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ ဌာနဆိုင်ရာ မြေဧရိယာ များနှင့် လမ်းဘေးတို့တွင် အရိပ်ရအောင် နှင့် သကြားပင်ဟု အမည်ခေါ်ဆို နိုင်ရန်သာ စိုက်ပျိုး ထားကြ၍ စားသုံးခြင်း မရှိကြပေ။

ထို့ကြောင့်လည်း တောင်ပေါ် ဒေသထွက် သကြားသီး များသည် နာမည် ကျော်ကြားခြင်း လည်းမရှိ၊ ဈေးကွက် အတွင်းတွင်လည်း ထိုးဖောက် နေရာယူ ထားနိုင်ခြင်း မရှိပေ။ သို့သော်လည်း သကြားပင် များသည် နှစ်စဉ် အချိန်တန်လျှင် ဝေဝေဆာဆာ သီးပွင့်နေမြဲ ဖြစ်နေသည်။ သကြားသီးသည် ချိုလွန်းသော အရသာ ရှိသောကြောင့် လူကြိုက်နည်းခြင်း၊ ပိုးကျခြင်းတို့ ဖြစ်ပေါ်လျက် ရှိနေသော်လည်း မည်သူကမျှ စားသုံးနိုင်ရန် စမ်းသပ် တီထွင်ခြင်း၊ သုတေသန ပြုလုပ်ခြင်းတို့ ယနေ့ချိန်ထိ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။

နှစ်စဉ်နှစ်တိုင်း အသီးများ ဝေဆာ အောင်မြင်စွာ သီးတတ်သည့် သကြားသီးကို လူအများ ကြိုက်နှစ်သက်စွာ စားသုံးလာကြ စေရန် တီထွင် ကြံဆ၍ စားသုံးကုန်အဖြစ် ထုတ်လုပ် လာနိုင်မည် ဆိုပါက ဒေသထွက်ကုန် သီးနှံတစ်မျိုး တိုးလာမည် ဖြစ်ပြီး လုပ်ငန်းအသစ် တစ်ရပ်ကိုလည်း ထပ်မံလုပ်ဆောင် မည်ဖြစ်၍ ဒေသတွင်း ဝင်ငွေ တိုးပွားလာနိုင်မည် ဖြစ်ကြောင်း မြို့ခံတစ်ဦး ၏ ပြောပြချက် အရ သိရသည်။(၁၆၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger