www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, May 10, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ SSG ဌာနချုပ် ၊ Pakistan Aeronautical Complex-PAC ၊ Heavy Industries Taxila (HIT) ၊ Taxila Museum နှင့် Taxila မြို့ဟောင်းတို့အား ကြည့်ရှုလေ့လာ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Kamra ဒေသရှိ လေယာဉ်ထုတ်လုပ်ရေး စက်ရုံ (Pakistan Aeronautical Complex-PAC ) အတွင်း ကြည့်ရှု လေ့လာစဉ်


နေပြည်တော် ၊ ၁၀-၅-၂၀၁၅

ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မေ ၈ ရက် ဒေသ စံတော်ချိန် နံနက် ၈ နာရီ မိနစ် ၃ဝ တွင် အစ္စလာမာဘတ် ရဟတ်ယာဉ်ကွင်း မှတစ်ဆင့် ခိုင်ဘာ ပက်သွန်ခွာ ပြည်နယ် ၊ Tarbela မြို့ရှိ ပါကစ္စတန် တပ်မတော် Special Services Group ( SSG ) ဌာနချုပ်သို့ သွားရောက် လေ့လာကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင် များသည် SSG ဌာနချုပ်သို့ ရောက်ရှိရာ ဌာနချုပ်မှူး Major General Abid Rafique နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြပြီး မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကာ ဌာနချုပ်မှူး နှင့် အဖွဲ့ဝင်များအား SSG ဌာနချုပ် ဧည့်ခန်းတွင် ခေတ္တ တွေ့ဆုံသည်။

တွေ့ဆုံစဉ် SSG ဌာနချုပ်မှူးက မြန်မာ့ တပ်မတော်သည် Professional တပ်မတော် တစ်ခုဟု လေ့လာသိရှိ ထားပါကြောင်း၊ SSG သည်လည်း စစ်ဆင်ရေး အတွေ့အကြုံ နှစ်ပေါင်း ၆ဝ ခန့် ရှိပါကြောင်း၊ နှစ်နိုင်ငံ တပ်မတော် အတွေ့အကြုံများ ဖလှယ်လို ပါကြောင်း ပြောကြားပြီး ပြည်ပ သင်တန်းသားများ လက်ခံ သင်ကြားပေးမှု အခြေအနေ များအား ဆွေးနွေး တင်ပြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က SSG ဌာနချုပ်အား လာရောက် လေ့လာခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တွင်လည်း အလားတူ တပ်ဖွဲ့မျိုး ဖွဲ့စည်းထား ရှိကြောင်း၊ အခြားနိုင်ငံ များ၏ အထူးတပ်ဖွဲ့ လေ့ကျင့်မှု များကိုလည်း လေ့လာဖူးကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ လေ့ကျင့်မှုများမှာ မတူညီ ကြကြောင်း၊ ပါကစ္စတန်နိုင်ငံ အနေဖြင့် စစ်ဆင်ရေး အတွေ့အကြုံ ရှိပြီး လေ့ကျင့်ရေး အတွေ့အကြုံ နှင့် ပေါင်းစပ် လေ့ကျင့်သည်ဟု လေ့လာသိရှိ ရကြောင်း ပြောကြားသည်။

ယင်းနောက် ဌာနချုပ်မှူး က SSG ရှင်းလင်း ဆောင်တွင် SSG နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် များအား Power Point ဖြင့် ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည့် အချက်အလက် များအား မေးမြန်းသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ SSG ဌာနချုပ်ရှိ လေ့ကျင့်ရေးကွင်းတွင် ဓားစာခံကယ်တင်ခြင်း လက်တွေ့ သရုပ်ပြခြင်းအား လေ့လာ ကြည့်ရှုစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ SSG ဌာနချုပ်တွင် ဌာနချုပ်မှူး Major General Abid Rafique နှင့် တာဝန်ရှိသူများနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်စဉ်
 
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ ပန်ဂျပ်ပြည်နယ် Taxila ဒေသရှိ Heavy Industries Taxila (HIT) အတွင်း လှည့်လည် ကြည့်ရှု လေ့လာစဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက SSG ဌာနချုပ်ရှိ လေ့ကျင့်ရေး ကွင်းတွင် ဓားစာခံ ကယ်တင်ခြင်း လက်တွေ့ သရုပ်ပြသ ခြင်းအား လေ့လာကြည့်ရှု ပြီးနောက် အပြန်အလှန် လက်ဆောင်များ ဖလှယ် ခဲ့ကြကြောင်း သတင်း ရရှိသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင် များသည် ရဟတ်ယာဉ်ဖြင့် ပန်ဂျပ်ပြည်နယ်၊ Kamra ဒေသရှိ လေယာဉ် ထုတ်လုပ်ရေး စက်ရုံ (Pakistan Aeronautical Complex - PAC) သို့သွားရောက် ကြည့်ရှု လေ့လာကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များအား လေယာဉ် ထုတ်လုပ်ရေး စက်ရုံ၏ ခေတ္တ Chairman ဖြစ်သူ Air Marshal Nudrat က ကြိုဆို နှုတ်ဆက်ပြီး အစည်းအဝေး ခန်းမတွင် လေယာဉ် ထုတ်လုပ်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြရာ အဖွဲ့ဝင်များက သိလိုသည့် အချက်များအား မေးမြန်း ဆွေးနွေး ကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လေယာဉ် ထုတ်လုပ်ရေး စက်ရုံအတွင်း လှည့်လည် ကြည့်ရှု လေ့လာရာ တာဝန်ရှိ သူများက လိုက်လံ ရှင်းလင်း ပြသပြီးနောက် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ကြသည်။

PAC သည် ပါကစ္စတန် နိုင်ငံ၏ အကြီးဆုံးသော လေယာဉ် ထုတ်လုပ်ရေး ဌာနတစ်ခု ဖြစ်ပြီး ၁၉၇၂ ခုနှစ်တွင် စတင် တည်ထောင် ခဲ့ကြောင်းနှင့် ခေတ်မီ တိုက်လေယာဉ်များ၊ လေ့ကျင့်ရေး နှင့် အရပ်ဘက်သုံး လေယာဉ်များ ထုတ်လုပ်ခြင်း၊ အကြီးစား ပြင်ဆင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသော ဌာနဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပန်ဂျပ်ပြည်နယ်၊ Taxila ဒေသရှိ Heavy Industries Taxila (HIT) သို့ သွားရောက် ကြည့်ရှုလေ့လာ ကြရာ Chairman ဖြစ်သူ Lieutenant General Syed Wajid Hussain က ကြိုဆို နှုတ်ဆက်ပြီး Heavy Industries Taxila(HIT) ၏ ထုတ်လုပ်မှု ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း တင်ပြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ Taxila Museum အတွင်း လှည့်လည် ကြည့်ရှု လေ့လာစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Heavy Industries Taxila (HIT) ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ Sirkap ဟုလူသိများသည့် Taxila မြို့ဟောင်းအတွင်း ကြည့်ရှု လေ့လာစဉ်

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် Heavy Industries Taxila (HIT) အတွင်း လှည့်လည် ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသကာ နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ဧည့်သည်တော် မှတ်တမ်းစာအုပ် တွင် လက်မှတ် ရေးထိုး၍ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ကြသည်။

Heavy Industries Taxila (HIT) အား ပါကစ္စတန် တပ်မတော်၏ တင့်၊ သံချပ်ကာ နှင့် ယန္တရား ထုတ်လုပ်ရေး အတွက် ၁၉၇ဝ ခုနှစ် အစောပိုင်းတွင် စတင် တည်ထောင်ခဲ့ပြီး ၁၉၇၉ ခုနှစ်မှစ၍ ထုတ်လုပ်မှုများ စတင်နိုင် ခဲ့ကြောင်းနှင့် လက်ရှိတွင် ခေတ်မီတင့်၊ သံချပ်ကာ ယန္တရားများကို ထုတ်လုပ်ခြင်း၊ အဆင့် မြှင့်တင်ခြင်း၊ ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ညနေပိုင်းတွင် Taxila Museum သို့ သွားရောက်၍ လှည့်လည် ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသကြသည်။ Taxila Museum သည် အေဒီ ၁ ရာစုနှင့် ၂ ရာစုအတွင်း ဗုဒ္ဓသာသနာ ထွန်းကားခဲ့သော Gandhara ဒေသမှ ဗုဒ္ဓမြတ်စွာ ဘုရား၏ ဖြစ်စဉ်တော်များ၊ ရုပ်ပွားတော်များ၊ သမိုင်းကြောင်း အဖိုးတန် အမွေအနှစ် များကို စုစည်းခင်းကျင်း ပြသထားသော ပြတိုက်တစ်ခု ဖြစ်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဖြစ် ယူနက်စ်ကို မှ သက်မှတ်ထားသော လက်ရှိ Sirkap ဟု လူသိများသည့် Taxila မြို့ဟောင်းသို့ မော်တော်ယာဉ် များဖြင့် သွားရောက် လေ့လာရာ တာဝန်ရှိသူ များက ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger