www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 7, 2015

မော်တော်ယာဉ် တင်သွင်းသူနှင့် ကားပါကင် ထောက်ခံချက်မြေနေရာ ကိုက်ညီမှုရှိ-မရှိ စစ်ဆေးမည်


ရန်ကုန် ၊ ၇-၅-၂၀၁၅

ရန်ကုန်မြို့ အတွင်း၌ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ ကားများကို တင်သွင်းရာတွင် ကားပါကင် မြေနေရာ ထောက်ခံချက် ပါရှိမှသာ တင်သွင်းရမည် ဖြစ်သောကြောင့် ကားဝယ်ရောင်း ဈေးကွက်၌ ပါကင်မြေနေရာ ထောက်ခံချက် စာရွက်များ အရောင်းအဝယ် ပြုလုပ်လာ သဖြင့် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လက်ရှိတွင် မော်တော်ယာဉ် တင်သွင်းမည့် သူနှင့် ၄င်း၏ ပါကင်မြေနေရာ ထောက်ခံချက် စာရွက်မှာ မြို့နယ်တူ၊ မတူနှင့် လိပ်စာတူ၊ မတူ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

''အခုချိန်မှာ ရန်ကုန်မြို့လယ် က ကားတင်သွင်းသူ တွေက ရွှေပေါက်ကံ၊ ရွှေပြည်သာ စတဲ့မြို့နယ်မှာ ရှိတဲ့ ခြံပိုင်ရှင်တွေ ဆီကနေ ပါကင်မြေနေရာ ထောက်ခံချက် စာရွက်စာတမ်း တွေဝယ်ပြီး ကားတင်သွင်း မှုတွေ ပြုလုပ်လာ ပါတယ်။ အဲဒီလို စာရွက်တွေ အရောင်းအဝယ် လုပ်တဲ့နေရာမှာ မလိုလား အပ်တဲ့ ပြဿနာတွေ ဖြစ်လာတယ်။ ပြီးရင် စီးပွားရေးသမား တွေက ပါကင်မြေနေရာ စာရွက်တွေကို တစ်ဖက်လှည့်နဲ့ ဝယ်ယူပြီး ကားတင်သွင်းမှုတွေ ပြုလုပ်လာ တာကြောင့် တကယ် တင်သွင်းချင်တဲ့ သူတွေ နစ်နာမှာစိုးလို့ စစ်ဆေးမှုတွေ ပြုလုပ် သွားမှာပါ'' ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကားပါကင် မြေနေရာ ထောက်ခံချက် စာရွက်စာတမ်း များကို စစ်ဆေးမှု ပြုလုပ်ရာတွင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အပါအဝင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပါကင် မြေနေရာ ထောက်ခံချက် နှင့် မော်တော်ယာဉ် တင်သွင်းမည့် သူသည် ၄င်း၏ ထောက်ခံချက် ပြုလုပ်ထားသည့် မြေနေရာ၌ နေထိုင်ခြင်း ရှိ၊ မရှိ ရပ်ကွက်ရုံး များမှ တာဝန်ရှိ သူများနှင့် ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် မော်တော်ယာဉ် တင်သွင်းသူ နေထိုင်သည့် နေရာနှင့် ထောက်ခံချက် ပြုလုပ်ထားသည့် စာရွက်ပေါ်ရှိ မြေနေရာမှာ ကွဲပြားနေပါက ယင်း ပါကင် မြေနေရာ ထောက်ခံချက်ကို မော်တော်ယာဉ် တင်သွင်းသည့် အခါ အသုံးပြုခွင့် ပေးမည် မဟုတ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုကို မေလ ဒုတိယပတ်တွင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စတင် ဆောင်ရွက်မည် ဖြစ်ပြီး ယင်းကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်မည် ဆိုပါက ကားဝယ်ရောင်း ဈေးကွက်အတွင်း ပါကင် မြေနေရာ ထောက်ခံချက် စာရွက်များ ရောင်းဝယ်မှုများ ပြုလုပ်၍ ရတော့မည် မဟုတ်ကြောင်း သိရသည်။

လက်ရှိတွင် ကားပါကင် မြေနေရာ ထောက်ခံချက် စာရွက် တစ်စောင်လျှင် ငွေကျပ် ငါးသိန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

သီရိ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger