www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 20, 2015

မြန်မာ့ပြင်လယ်ပြင်ရှိ ငါးသယံဇာများ ထိန်းသိမ်းရန် ငါးဖမ်းကာလကို ယခင် ပိတ်နေကျထက် တစ်လတိုးပိတ်မည်



ရန်ကုန် ၊ ၂၀-၅-၂၀၁၅

မြန်မာ့ ပင်လယ်ပြင်ရှိ ငါးသယံဇာတများ လျော့နည်း လာခြင်းကြောင့် ပြည်တွင်းပြည်ပ ငါးဖမ်း သင်္ဘောများကို ယခုနှစ် အတွက် ငါးဖမ်းကာလကို ယခင် ပိတ်နေကျ ကာလထက် တစ်လတိုး၍ ပိတ်သွားမည် ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ငါးဖမ်းကာလကို ယခင်နှစ်များ က မေလနှင့် ဇွန်လတို့ တွင်သာ ပိတ်ထားခဲ့ရာမှ ယခုနှစ် ငါးဖမ်းကာလ ကိုမူ ဇွန်လမှ သြဂုတ်လ အထိ ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ပင်လယ်ပြင်ရှိ ငါးသယံဇာတ လျော့နည်း လာရခြင်း၊ ရာသီဥတု ပြောင်းလဲလာခြင်း၊ ငါးများ ကျက်စားရာ ဒေသများ ဖျက်ဆီးခံရခြင်း နှင့် မဆင်မခြင် ငါးဖမ်းဆီးခြင်း တို့ကြောင့် ငါးသယံဇာတများ ထိန်းသိမ်းသည့် အနေဖြင့် သုံးလ ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ပင်လယ်ပြင်တွင် ငါးဖမ်းဆီးမှု ပိတ်ထားသည့် ကာလတွင် ရေလုပ်ငန်းကို မှီခိုနေရသည့် ရေလုပ်သား များ၏ စားဝတ်နေရေး နှင့် ပတ်သက်ပြီး အစဉ်ပြေ စေရန် စီစဉ် ပေးမည် ဖြစ်ကြောင်း သိရသည်။

နော်ဝေနိုင်ငံ ငါးသုတေသန သင်္ဘော၏ လေ့လာ တွေ့ရှိချက်များ အရ မြန်မာ့ ပင်လယ်ပြင် ရေအပေါ်ပိုင်းတွင် ကျက်စား သွားလာသည့် ငါးသယံဇာတ မှာ ၁ဝ ရာခိုင်နှုန်းသာ ကျန်ရှိ တော့ကြောင်းနှင့် ရေအောက် ကြမ်းပြင်ပိုင်းတွင် ကျက်စား သွားလာသည့် ငါးသယံဇာတ မှာ ၃၅ ရာခိုင်နှုန်းသာ ကျန်ရှိ နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ငါးဖမ်းပိုင်နက် ရေပြင် ဧရိယာသည် စတုရန်း ကီလိုမီတာ ၄၈၆ဝဝဝ ရှိပြီး တရားဝင် ငါးဖမ်း လုပ်ကိုင်နေသည့် ရေယာဉ် စုစုပေါင်း ၂၅၉၄ စင်းရှိကြောင်း သိရသည်။

ပြည်ပသို့ ငါးမျိုးစုံ တင်ပို့မှုမှာ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်နှင့် ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ် တို့တွင် အမေရိကန် ဒေါ်လာ ၆၅၃ သန်းအထိ အများဆုံး ရရှိခဲ့ကြောင်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ငါးမျိုးစုံ တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၅၃၆ သန်း ရရှိခဲ့ကြောင်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ငါးမျိုးစုံ တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ သန်း ၄ဝဝ ရရှိခဲ့ကြောင်း သိရသည်။

နေခြည်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger