www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 21, 2015

ခရီးသည်တင် ယာဉ်လိုင်းများ၌ ကတ်စနစ်ဖြင့် ယာဉ်စီးခ ကောက်ခံနိုင်ရန် စီစဉ်



ရန်ကုန် ၊ ၂၁-၅-၂ဝ၁၅

ရန်ကုန်မြို့တွင်း ပြေးဆွဲမောင်းနှင် နေသည့် ခရီးသည်တင် ယာဉ်လိုင်း များ၌ ခရီးသွား ပြည်သူများထံမှ ယာဉ်စီးခ တောင်းခံ ရာတွင် ငွေစက္ကူ ကောက်ခံသည့် အစား ကတ်စနစ်ဖြင့် ယာဉ်စီးခ တောင်းခံနိုင်ရန် ပြုလုပ်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။

ခရီးသည်တင် ယာဉ်များတွင် ယာဉ်စီးခကို ငွေစက္ကူ အကြွေ ကောက်ခံ နေရာမှ ကတ်စနစ်ဖြင့် ပြောင်းလဲ ကောက်ခံမည် ဆိုပါက ခရီးသွား ပြည်သူများ နေ့စဉ်ကြုံတွေ့ နေရသော ယာဉ်စီးခ ပိုမိုပေးချေ ရသည့် အခက်အခဲ များနှင့် ယာဉ်လုပ်သား များ၏ မချေမငံ ပြုမူ ဆက်ဆံခံ ရသည့် အခက်အခဲ များလည်း သိသိသာသာ လျော့ကျ သွားမည် ဖြစ်ကြောင်း မ-ထ-သ(ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းမြင့် က ပြောသည်။

ယခုအခါ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ပုဂ္ဂလိကတို့ ပူးပေါင်း ပြေးဆွဲသည့် ယာဉ်လိုင်းများ၌ ယာဉ်စီးခကို ကတ်စနစ်ဖြင့်သာ ကောက်ခံ နေပြီး ငွေစက္ကူ အကြွေ ကောက်ခံသည့် စနစ်ကို လုံးဝ အသုံးမပြု ခြင်းကြောင့် ခရီးသွား ပြည်သူများ အနေဖြင့်လည်း အဆင်ပြေ ချောမွေ့စွာ စီးနင်းနိုင်သည့် အပြင် ယာဉ်စီးခ ပိုမိုတောင်းခံ သည့်ဖြစ်စဉ် များလည်း လုံးဝ မကြုံတွေ့ ရကြောင်း မ-ထ-သ(ဗဟို) မှ သိရသည်။

'' i-Pay စက်တွေကို ခရီးသည်တင် ယာဉ်တွေမှာ စပြီး တပ်ဆင်တုန်း ကလည်း ယာဉ်တော်တော် များများမှာ တပ်ဆင်ခဲ့ တာပါ။ ဒါပေမဲ့ ယာဉ်လုပ်သား တွေက ဒီလုပ်ငန်းစဉ်မှာ ပူးပေါင်း ပါဝင်ခြင်း မရှိဘူး။ စက် ဘက်ထရီ ကုန်နေပြီ ဆိုပြီး အကြောင်း ပြတယ်၊ စက်ပျက် နေတယ်ဆိုပြီး အကြောင်း ပြတယ်။ နောက်ပိုင်းမှာ အဲဒီစက်တွေကို လုံးဝ မသုံးကြဘူး။ တချို့ ယာဉ်လုပ်သား တွေဆိုရင် မိုးရွာနေရင် မိုးရေထဲမှာ စက်တွေကို ပစ်ထားတာတွေ တောင်ရှိတယ်။ အခုလည်း ယာဉ်လိုင်းတွေမှာ ကတ်စနစ်ကို အသုံးပြုမယ် ဆိုရင် ယာဉ်လုပ်သား တွေကိုပါ စည်းရုံး ရမယ်'' ဟု မ-ထ-သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။

ထိုကဲ့သို့ ခရီးသည်တင် ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခ ကောက်ခံသည့် စနစ်ကို အသုံးပြုပါက ယာဉ်ပိုင်ရှင်များ အနေဖြင့်လည်း နေ့စဉ်ဝင်ငွေ များကို တိတိကျကျ သိရှိ လာနိုင်မည် ဖြစ်သည့်အပြင် ယာဉ်လုပ်သား များ၏ စည်းကမ်းမဲ့ လုပ်ရပ် အများစုလည်း ပပျောက် သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထက်နေ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger