www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 7, 2015

စီးပွားရေးလုပ်ငန်း တိုင်းပြည်၏ ဈေးကွက်သို့ဦးတည်


စီးပွားရေးလုပ်ငန်း တိုင်းပြည်၏ ဈေးကွက်သို့ဦးတည်

ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ အနေဖြင့် ကုန်စည် ထုတ်လုပ်သည် ဖြစ်စေ၊ ဝန်ဆောင်မှု ပေးသည်ဖြစ်စေ နိုင်ငံတကာ ဈေးကွက်များတွင် ရောင်းချခြင်း (သို့မဟုတ်) ပြည်တွင်းသို့ လာရောက် ကြသည့် နိုင်ငံခြားသား များကို ရောင်းချခြင်း တို့သည် ကုန်စည်ပို့ကုန် နှင့် ၀န်ဆောင်မှု ပို့ကုန်များ ရောင်းချခြင်း ဖြစ်သည်။

ယခုအခါ ကုန်စည်ပို့ကုန် ကဏ္ဍ သိသိသာသာ တိုးတက် လာမှုကြောင့် ပို့ကုန်နှင့် ဆက်စပ်နေသည့် ထုတ်လုပ်မှု လမ်းကြောင်း တစ်လျှောက်ရှိ ပါဝင်သူများ အကျိုးပိုမို ရှိနေပြီ ဖြစ်သည်။ အထူးသဖြင့် လယ်ယာ ပို့ကုန်များ ဖြစ်သည့် စပါး၊ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း စသည်တို့သည် ယခင်ကထက် တိုးချဲ့တင်ပို့ လာမှုကြောင့် ကုန်သည်များ သာမက သယ်ယူ ပို့ဆောင်သူ၊ ကြိတ်ခွဲသူ၊ သိုလှောင်သူ နှင့် စိုက်ပျိုး ထုတ်လုပ်သည့် လယ်သမား များထိ အကျိုးရှိ လာသည်။

ထို့ပြင် ဒေသဆိုင်ရာ ဆက်သွယ်ရေး လမ်းကြောင်းများ ယခင်ကထက် ပိုမို ကောင်းမွန်လာ သကဲ့သို့ မကြာခင် ပြီးစီးတော့မည့် လမ်းသစ်ကြီး များကြောင့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းများ သာမက ဆက်စပ်နေသည့် နိုင်ငံများနှင့် စီးပွားရေး၊ လူမှုရေး ပေါင်းစည်းမှုများ အထူးတိုးတက် လာတော့မည် ဖြစ်သည်။ အထူးသဖြင့် ဗန်ကောက်မှ ထားဝယ်တောင်ဘက် စင်္ကြံလမ်း မကြာမီ ပြီးစီး တော့မည်ဖြစ်ရာ လမ်းမ တစ်လျှောက် ထိုင်းနယ်စပ် နှင့် မြန်မာဘက်ပိုင်း တို့တွင် စက်ရုံ အလုပ်ရုံများ သိသိသာသာ ပေါ်ထွန်းလာမည် ဖြစ်သည်။

ထို့အတူ မြန်မာရွှေ့ပြောင်း လုပ်သားများ အများစု ရှိနေသည့် ထိုင်းနိုင်ငံသို့ အဓိက ဝင်ပေါက် ဖြစ်သည့် မြဝတီ- မဲဆောက်ဂိတ် သည် ယခုထက် ပိုမိုဖွံ့ဖြိုး လာဦးမည်ဖြစ်ပြီး တရားဝင် သွားရောက် လုပ်ကိုင် နိုင်ရေးနှင့် ပိုမို အာမခံချက် ရရှိရေး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူ ထားပြီး ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်အကုန်တွင် ဖြစ်ပေါ်လာမည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း ကြောင့်လည်း လွတ်လပ်စွာ ကုန်သွယ်မှု၊ ဝန်ဆောင်မှု၊ လုပ်သား ရွှေ့ပြောင်းမှု၊ အရင်းအနှီး ရွှေ့ပြောင်းမှုတို့ ပိုမို ရှိလာမည် ဖြစ်၍ ပြည်တွင်း လုပ်ငန်းများနှင့် လူငယ်လူရွယ် များအတွက် အခွင့်အလမ်း များစွာ ပေါ်ပေါက် လာမည် ဖြစ်သည်။

ယခုအခါ လုပ်ငန်းရှင် များနှင့် လူငယ်များ အတွက် စီးပွားရေးနှင့် ကြီးပွား တိုးတက်ရေး အခွင့်အလမ်း များစွာ ရှိနေပြီ ဖြစ်သည်။ သို့သော် အဆိုပါ အခွင့်အလမ်းများ အပြည့်အဝ ရယူနိုင်ရေး အတွက် ဦးစွာ အခွင့်အလမ်းများ ရရှိအောင် ကြိုးစားရမည် ဖြစ်သည်။ ထို့ပြင် လိုအပ်ချက်များ၊ ပြင်ဆင်ရမည့် အချက်များကို ပြည့်မီအောင် လုပ်ဆောင် နိုင်မှသာ ကြီးပွား တိုးတက် နိုင်မည် ဖြစ်သည်။ ဥပမာ အားဖြင့် ဂျပန်နိုင်ငံမှ အထူး ကုန်သွယ်မှု ကင်းလွတ်ခွင့် ဟုခေါ်သည့် အထူး အခွင့်အရေးအား လယ်ယာ ကုန်စည် တော်တော် များများကို ပေးထား သောကြောင့် အခြား နိုင်ငံများထက် အခွင့်အရေး ရရှိထားပြီး ဖြစ်သည်။ လယ်ယာ ကုန်စည်များ အတွက် အာရှတွင် ဂျပန်ဈေးကွက် သည် ဈေးအကောင်းဆုံး ဖြစ်ပြီး ဝယ်လိုအား များသည်။

အရေးကြီး သည်မှာ လုပ်ငန်း သေးသေး လုပ်သည့် တိုင်အောင် တစ်ရက်ထက် တစ်ရက် ပိုမိုတိုးတက် လာစေရန် ကြိုးစားကြ ရမည် ဖြစ်သည်။ ယှဉ်ပြိုင်ရာတွင် အရည်အသွေး အရ လည်းကောင်း၊ ပေးသည့် ဝန်ဆောင်မှု အရ လည်းကောင်း၊ ဈေးနှုန်းအရ လည်းကောင်း အခြား သူများထက် သာအောင် အစဉ်ကြိုးစား ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ စီးပွားရေး လုပ်ငန်းတိုင်း ပြည်ပ ဈေးကွက်သို့ ဦးတည်ရုံ သာမက ကမ္ဘာ့ ဈေးကွက်သို့ပါ ထိုးဖောက် ဝင်ရောက်နိုင်ရန် အတွက် အရည်အသွေး၊ ဈေးနှုန်း၊ ထုပ်ပိုးမှု၊ လုံခြုံ စိတ်ချရမှု စသည့် ဘက်ပေါင်းစုံမှ ယှဉ်ပြိုင်ကြ ရမည် ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger