www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 9, 2015

အနာဂတ် အကိုက်အခဲပျောက်ဆေး များတွင် အဓိကပါဝင်လာဖွယ်ရှိသည့် ပင့်ကူအဆိပ်



အနာဂတ် အကိုက်အခဲပျောက်ဆေး များတွင် အဓိကပါဝင်လာဖွယ်ရှိသည့် ပင့်ကူအဆိပ်

မောင်ဝိုင်းချစ်

သိပ္ပံပညာရှင် များ၏ လေ့လာမှုများ အရ ပင့်ကူ အဆိပ်တွင် အမျိုးအမည် မရေတွက်နိုင်သော ဓာတု ပစ္စည်းများ ပါဝင်နေပြီး ၄င်းတို့အနက်မှ ဒြပ်ပေါင်း ခုနစ်မျိုးသည် လူ့ခန္ဓာကိုယ်မှ နာကျင်မှုကို ဦးနှောက်သို့ ပေးပို့မှုအား တားဆီးနိုင်စွမ်း ရှိနေသည်ကို တွေ့ရှိခဲ့သည်။

သိပ္ပံပညာရှင် များသည် ပင့်ကူ အမျိုးပေါင်း ၂ဝ၆ မျိုးအား အဓိကထား လေ့လာမှုများ ပြုလုပ်ခဲ့ရာ လူခန္ဓာကိုယ်ရှိ Nav1.7 channels ဟုခေါ်သော အာရုံကြော၏ လုပ်ဆောင်မှုအား တားဆီး ပေးနိုင်သည့် မော်လီကျူး
များကို ပင့်ကူအဆိပ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယင်း တွေ့ရှိမှုသည် အနာဂတ်တွင် ထိရောက်သော အကိုက်အခဲ ပျောက်ဆေးမျာ ထုတ်လုပ်မှုကို ဦးဆောင်နိုင်ဖွယ် ရှိနေသည်။ 

လူများအနေဖြင့် ခန္ဓာကိုယ်တွင် ကိုက်ခဲမှုအား သိရှိနိုင်ခြင်းမှာ ယင်း ကိုက်ခဲမှု ဖြစ်သည့် နေရာမှ ဦးနှောက်ရှိ အာရုံကြော အချို့သို့ အသိပေးခြင်းကြောင့် ဖြစ်ပြီး ကိုက်ခဲမှုအား သက်သာစေရန် အတွက် အဆိုပါ အာရုံကြော၏ လုပ်ဆောင်မှုကို တားဆီးရန် သိပ္ပံပညာရှင်များ အနေဖြင့် တွေးတော ကြံဆကာ အကိုက်အခဲ ပျောက်ဆေးများ ထုတ်လုပ် နေကြခြင်း ဖြစ်သည်။

Nav1.7 channels ၏ လုပ်ဆောင်မှုကို တားဆီး ပေးနိုင်စွမ်းရှိသော ဒြပ်ပေါင်း တစ်မျိုးကို ပင့်ကူအဆိပ်၌ တွေ့ရှိခြင်းသည် အင်မတန်မှ စိတ်ဝင်စားဖွယ် ကောင်းကြောင်း ယင်း သုတေသန ကို ဦးဆောင် ပြုလုပ်နေသည့် သြစတြေးလျ ကွင်းစလန်း တက္ကသိုလ်မှ ပါမောက္ခ ဂလန်းကင်း က ပြောကြားခဲ့သည်။

အစောပိုင်း လေ့လာ တွေ့ရှိချက်များ အရ အကိုက်အခဲ ဝေဒနာ ခံစားရသူများ အနေဖြင့် ရောဂါသက်သာ ပျောက်ကင်းမှုမှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားလျက် ရှိပြီး ယင်းရောဂါ သက်သာသွား သူများမှာလည်း သဘာဝ အလျောက် ဖြစ်ပေါ်လာသော မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် Nav1.7 channels ၏ လုပ်ဆောင်မှုအား တားဆီးနိုင်ခဲ့ သူများ ဖြစ်သည်ကို တွေ့ရှိခဲ့ရသည့် အတွက် အဆိုပါ အာရုံကြော လုပ်ဆောင်မှုအား တားဆီးနိုင်ခြင်းသည် ကိုက်ခဲမှု ဝေဒနာ ဖြစ်ပေါ်သည့် နေရာမှ ဦးနှောက် သို့ အသိပေးမှုကို သဘာဝအတိုင်း တားဆီး နိုင်သည်ကို သိရှိခဲ့ ကြသည်။

ထို့ကြောင့် သိပ္ပံပညာရှင်များ အနေဖြင့် အဆိုပါ အာရုံကြော လုပ်ဆောင်မှုအား တားဆီးနိုင်မည့် ဆေးဝါးများ ဖော်စပ်ထုတ်လုပ် နိုင်ရေးအတွက် ကမ္ဘာပေါ်ရှိ ပင့်ကူ အမျိုးအစားပေါင်း ၄၅ဝဝဝ ခန့်ကို လေ့လာမှုများ ပြုလုပ်ခဲ့ရာ ပင့်ကူ အများစုမှာ ၄င်းတို့၏ သားကောင်များကို ပင့်ကူအဆိပ်များဖြင့် သတ်ဖြတ်ကြောင်း တွေ့ရှိခဲ့ရပြီး နောက် ထပ်ဆင့် လေ့လာမှုများ ပြုလုပ်ခဲ့ရာ အဆိုပါပင့်ကူ အဆိပ်များတွင် ပရိုတိန်း မော်လီကျူး သိန်းပေါင်းများစွာ ပါဝင်နေကြောင်း နှင့် ယင်းတို့အနက် အချို့သော မော်လီကျူး များမှာ အာရုံကြော ၏ လုပ်ဆောင်မှု များအား တားဆီးနိုင်သည် ကိုတွေ့ရှိခဲ့ ကြသည်။

ကျွမ်းကျင်ပညာရှင် များ၏ လေ့လာမှုအရ ကမ္ဘာပေါ်ရှိ လူငါးဦးတွင် တစ်ဦးမှာ နာတာရှည် အကိုက်အခဲ ရောဂါများ ခံစားနေကြ ရလျက်ရှိပြီး အဆိုပါ နာတာရှည် အကိုက်အခဲ ရောဂါကို ပျောက်ကင်း စေခြင်းငှာ ရေရှည်တွင် မစွမ်းသာကြောင်း တွေ့ရှိရသည်။ ထို့အပြင် အကိုက်အခဲ ပျောက်ဆေးအတွက် အသုံးပြုရသည့် ငွေကြေး ပမာဏမှာ အဆမတန် များပြားလျက် ရှိပြီး အမေရိကန် ပြည်ထောင်စု တစ်ခုတည်း တွင်ပင် အကိုက်အခဲ ပျောက် ဆေးအတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၆ဝဝ ဘီလီယံခန့် ကုန်ကျ နေရကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger