www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 2, 2015

တက္ကသိုလ်ဝင် စာမေးပွဲကြီး နီးလာပြီ


တက္ကသိုလ်ဝင် စာမေးပွဲကြီး နီးလာပြီ

လာမည့် မတ်လ ၁၁ ရက်တွင် တက္ကသိုလ်ဝင် စာမေးပွဲကြီးကို စစ်ဆေးကျင်းပ တော့မည် ဖြစ်သည်။ တက္ကသိုလ်ဝင် စာမေးပွဲသည် ဘဝ တစ်ဆစ်ချိုး တစ်ခုအတွက် အဆုံးအဖြတ် ပေးသော စာမေးပွဲ တစ်ခု ဖြစ်သကဲ့သို့ ကျောင်းသား၊ ကျောင်းသူများ အတွက် နောက်ဆုံး တက်ရမည့် လှေကားထစ် တစ်ခုလည်း ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တက္ကသိုလ် ဝင်တန်း စာမေးပွဲကို ဖြေဆိုနိုင်ပြီး ထူးချွန်စွာ အောင်မြင် နိုင်ရန် အစွမ်းကုန် ကြိုးစားရမည့် အချိန်ကို ရောက်ရှိ နေပြီဖြစ်သည်။ အမှတ် နည်းနည်း ဖြင့် အောင်မြင်သူသည် သာမန်ဘွဲ့ တစ်ခုကို ရရှိမည် ဖြစ်၍ အမှတ်များများ ဖြင့် အောင်မြင် သူသည် ရွေးချယ်စရာ အခွင့်အလမ်း များစွာရှိကာ မိမိ တည်ဆောက် လိုသော ဘဝကို ပိုင်ဆိုင်ရမည် ဖြစ်သည်။

တက္ကသိုလ် ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အချို့သည် အစိုးရကျောင်း များ၌ လည်းကောင်း၊ အချို့မှာ ကိုယ်ပိုင် အထက်တန်း ကျောင်းများ၌ လည်းကောင်း၊ အချို့မှာ ဘော်ဒါဆောင်၊ ကျူရှင်များ၌ လည်းကောင်း တက္ကသိုလ် ဝင်တန်း အောင်မြင်ရေး အတွက် ပညာသင်ယူ နေကြ ရသည်။

စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ရန် ကြိုးစားကြ ရာတွင် မည်သည့် နည်းလမ်း ကိုပင် သုံးသုံး အောင်မြင်ရန်၊ ထူးချွန်ရန်သာ အဓိက လိုရင်း ဖြစ်သည်။ စာမေးပွဲ ထူးချွန်စွာ အောင်မြင် ရေးသည် ကျောင်းသားများ စာကျက်နိုင်မှု၊ စာကျက်ပုံ နည်းစနစ် မှန်ကန်မှု၊ ကျက်မှတ်ချိန် ရရှိမှု၊ ဇွဲကောင်းမှု၊ ကျန်းမာရေး နှင့်ပြည့်စုံမှု၊ ပညာရေးကို သက်ဝင် ယုံကြည်မှု နှင့်အတူ အပတ်တကုတ် ကြိုးစားကြ ရမည် ဖြစ်သည်။

ထို့ကြောင့် အစိုးရကျောင်း များရှိ ဆရာ၊ ဆရာမ များက မိမိတို့ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အောင်ချက် ကောင်းစေရန်၊ ထူးချွန်စွာ အောင်မြင် စေရန် အားသွန် ခွန်စိုက် ကြိုးစား သင်ပေး ကြသည်။ ထို့အတူ မိဘများ ကလည်း တတ်နိုင်သမျှ ပံ့ပိုးပေး ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ တက္ကသိုလ် ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိမိတို့၏ ဘဝတက်လမ်း ဖြစ်သော နောက်ဆုံး လှေကားထစ် ကို အဆင်ပြေ ချောမွေ့စွာ တက်လှမ်း နိုင်ရန် ယခု အချိန်သည် ဗျာများ နေရမည့် အချိန် မဟုတ်တော့ပေ။ မိမိကိုယ်ကို ယုံကြည်ချက် အပြည့်ဖြင့် ကျန်းမာရေးကို ဂရုစိုက်ကာ တက္ကသိုလ် ဝင်တန်း စာမေးပွဲကြီးကို ဖြေဆိုနိုင်ရန် ကြိုးစားကြ ရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger